မြန်မာအစိုးရက ဖွဲ့စည်းပေးခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ နိုင်ငံတကာအကြံပေးအဖွဲ့မှ လုပ်ငန်းအဖွဲ့အတွင်းရေးမှူး မစ္စတာ ကော့ဘ်ဆက်ချူတီကူလ် နှုတ်ထွက်သွားသော်လည်း အကြံပေးအဖွဲ့သည် ထိရောက်မှုရှိပြီး ၄င်းတို့အကြံပြုချက်များအတိုင်း မြန်မာအစိုးရက ဆောင်ရွက်လျက်ရှိကြောင်း အကြံပေးအဖွဲ့ဥက္ကဌ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ ဆူရာကစ် ဆန်သီရာထိုင်းက ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ် ပဋိပက္ခကိုဖြေရှင်းရာတွင် ထိရောက်သည့်တိုးတက်မှု တစ်စုံတစ်ရာ မရှိဟု ဆိုကာ အကြံပေးအဖွဲ့၏ လုပ်ငန်းအဖွဲ့ အတွင်းရေးမှူးဖြစ်သူ ထိုင်းဝါရင့်သံတမန်ဟောင်းနှင့် ပါလီမန်အမတ်ဟောင်း မစ္စတာ ကော့ဘ်ဆက်ချူတီကူလ် နှုတ်ထွက်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်ကို အကြံပေးဥက္ကဌက ဇူလိုင် ၂၁ နှောင်းပိုင်း၌ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
မစ္စတာချူတီကောလ်က အကြံပေးအဖွဲ့ ဖွဲ့စည်းခဲ့သည် ဇန်နဝါရီမှစ၍ ခြောက်လအတွင်း တိုးတက်မှုအနည်းငယ်သာ ရှိကြောင်း၊ အဖွဲ့သည် နိုင်ငံတကာရန်ပုံငွေထည့်ဝင်မှု သို့မဟုတ် အမြဲတန်းရုံးခန်းဖွင့်လှစ်ရန် စီစဉ်မှုကို တားမြစ်ခံထားရပြီး စည်းဝေးမှုကို အွန်လိုင်းတွင် ပြုလုပ်ရကြောင်း၊ မြန်မာတပ်မတော်ကိုယ်စားလှယ်များကလည်း အကြံပေးအဖွဲ့နှင့် တွေ့ဆုံရန် ငြင်းဆန်ခဲ့ကြောင်း ရိုက်တာသို့ ပြောဆိုခဲ့သည်။
အကြံပေးအဖွဲ့သည် တိုးတက်မှုအနည်းအကျဉ်းသာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်သည် မှန်ကန်မှုမရှိ၊ မျှတမှု ချို့တဲ့ကြောင်း ဒေါက်တာ ဆူရာကစ်က ပြောဆိုခဲ့သည်။ မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂနှင့် ပြန်လည်ထိတွေ့ရန် ဆောင်ရွက်ခဲ့ခြင်းကို အခြေပြု၍ ယင်းသို့ပြောဆိုခြင်းဖြစ်သည်။
မြန်မာအစိုးရသည် ဘင်္ဂါလီ(မူရင်းသုံး ရိုဟင်ဂျာ)ဒုက္ခသည်များ ပြန်လည်လက်ခံရေးအတွက် ကုလသမဂ္ဂ အေဂျင်စီများနှင့် မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး ကုလအထူးသံတမန်နှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ လုံခြုံရေးကောင်စီကိုယ်စားလှယ်များကို ဖိတ်ခေါ်ခဲ့သကဲ့သို့ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများဆီ ဝန်ကြီးတစ်ဦးကို စေလွှတ်လေ့လာစေခဲ့ကြောင်းလည်း ဒေါက်တာ ဆူရာကစ်က ပြောဆိုခဲ့သည်။

















