တက္ကစီယာဉ်မောင်းများလိုက်ပါသည့် မီနီဘတ်စ် ပစ်ခတ်ခံရ၍ ၁၁ ဦးသေဆုံး

တက္ကစီယာဉ်မောင်းများလိုက်ပါသည့် မီနီဘတ်စ် ပစ်ခတ်ခံရ၍ ၁၁ ဦးသေဆုံး

ဂျိုဟန်နက်စ်ဘတ်    ဇူလိုင် ၂၂
    တောင်အာဖရိကနိုင်ငံ၌ တက္ကစီယာဉ်မောင်းအသင်းဝင်များကို တင်ဆောင်လာသည့် မီနီဘတ်စ်တစ်စီးကို သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ၁၁ ဦး သေဆုံးခဲ့ပြီး ယင်းသည် လမ်းကြောင်းတူ ပြိုင်ဘက်ယာဉ်လိုင်းအုပ်စု ဖြစ်နိုင်ခြေရှိကြောင်း သိရသည်။

ဇူလိုင် ၂၁ ရက်ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တက္ကစီယာဉ်မောင်းအသင်း၏ အဖွဲ့ဝင်များသည် လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ အသုဘအခမ်းအနားသို့သွားရောက်ပြီး အပြန်လမ်းတွင် ချုံခိုတိုက်ခိုက် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ၁၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း တောင်အာဖရိကရဲတပ်ဖွဲ့က ပြောဆိုသည်။
    ရဲဗိုလ်မှူးချုပ် ဂျေးနိုင်ကာက တိုက်ခိုက်မှုသည် ကွာဇူလူနာတဲလ်ပြည်နယ်မှ ကိုလန်ဆိုနှင့် ဝီးနန်းမြို့အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခံရသူများသည် ဂေါတန်ပြည်နယ်မှဖြစ်ကြောင်း ပြောဆိုသည်။ ဖြစ်စဉ်အသေးစိတ်ကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်နေပြီဖြစ်သည်။
    တောင်အာဖရိကတွင် လမ်းကြောင်းတူပြေးဆွဲကြသည့် တက္ကစီယာဉ်မောင်းအုပ်စုများသည် အသက်သေကြေသည်အထိ ပြိုင်ဘက်ချင်းတိုက်ခိုက်အကြမ်းဖက်လေ့ ရှိကြသည်။ မေလထဲ ရက်သတ္တပတ်တစ်ခုအတွင်း ကိပ်တောင်းတွင် ပြိုင်ဘက်ချင်းတိုက်ခိုက်မှုကြောင့် မီနီဘတ်စ်အငှားယာဉ်မောင်းများ အပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့ရ ကြောင်းလည်း သိရသည်။