လူ ၁၄ ဦးသေဆုံးသည့် ကဘူးလ်အသေခံဗုံးခွဲမှုမှ အာဖဂန်ဒုတိယသမ္မတ ပွတ်ခါသီခါလွတ်မြောက်

လူ ၁၄ ဦးသေဆုံးသည့် ကဘူးလ်အသေခံဗုံးခွဲမှုမှ အာဖဂန်ဒုတိယသမ္မတ ပွတ်ခါသီခါလွတ်မြောက်

ကဘူးလ်    ဇူလိုင် ၂၃
    အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ လေဆိပ်အနီးတွင် ဇူလိုင် ၂၃ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့၍ ၁၄ ဦး သေဆုံးခဲ့ပြီး ယင်းဖြစ်စဉ်တွင် အာဖဂန်ဒုတိယသမ္မတ ဗိုလ်ချုပ်ကြီး အဒူလ်ရာရှစ်ဒေါစ်တမ် ပွတ်ခါသီခါ လွတ်မြောက်ခဲ့သည်။

ဒေါစ်တမ်သည်  တူရကီတွင် ဆေးကုသရန် တစ်နှစ်ကြာနေထိုင်ပြီးနောက် အာဖဂန်သို့ပြန်လာခြင်းဖြစ်ပြီး ကဘူးလ် နိုင်ငံတကာလေဆိပ်မှ ၄င်း၏ကားတန်းထွက်ခွာပြီးမကြာမီ ဗုုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုကြောင့် စစ်သည်နှင့် အရပ်သားစုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနပြောခွင့်ရသူ နာဂျစ်ဒန်းနစ်ရှ်ကပြောသည်။
    အိုင်အက်စ်အုပ်စုက ၄င်းတို့တိုက်ခိုက်မှုဖြစ်ကြောင်း အာမက်သတင်းအေဂျင်စီမှတစ်ဆင့် ကြေညာခဲ့သည်။
    ဒေါ့စ်တမ်သည် ၂၀ဝ၁ ခုနှစ်၌ တာလီဘန်အစိုးရပြုတ်ကျပြီးနောက်ပိုင်းတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည့် အငြင်းပွားဖွယ် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဥဇဘက်စစ်ဘုရင်ဟောင်းတစ်ဦးလည်းဖြစ်သည့် ဒေါ့စတမ်သည် ၄င်း၏နိုင်ငံရေးပြိုင်ဘက်တစ်ဦးကို ၄င်း၏နောက်လိုက်များက နှိပ်စက်ညှင်းပန်းမှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရသည့်နောက် ၂၀၁၇ တွင် တိုင်းပြည်မှထွက်ခွာသွားခဲ့သည်။ ယခု ပြန်လည် ရောက်ရှိချိန်တွင် စွဲချက်များ ဆက်လက်ရင်ဆိုင်ရမည် မရမည်ကိုမူ မသဲကွဲသေးပေ။