လန်ဒန် ဇူလိုင် ၂၃
ဘရက်ဇစ်လွန်ကာလအတွက် အီးယူနှင့်ဗြိတိန် ကုန်သွယ်ရေးသဘောတူညီချက် မရရှိပါက အီးယူအတွက် ဗြိတိန်ကပေးချေမည့် နှုတ်ထွက်ပြတ်စဲကြေးပေါင် ၃၉ ဘီလျံ(ဒေါ်လာ ၅၁ ဘီလျံ)ကို ပေးမည်မဟုတ်ကြောင်း ဗြိတိန်၏ ဘရက်ဇစ်ရေးရာဝန်ကြီးအသစ် ဒိုမီနစ် ရက်ဘ်ကပြောဆိုခဲ့သည်။
အီးယူနှင့် ပြတ်စဲရန် ဤမျှပမာဏများပြားသည့် ငွေကြေးပေးရခြင်းအတွက် အခြေအနေတစ်ခု ဖန်တီးနိုင်ရမည် ဖြစ်ကြောင်း၊ တစ်ဘက်သတ်မူ မဖြစ်သင့်ကြောင်း တယ်လီဂရပ်ဖ်သတင်းစာနှင့် တွေ့ဆုံခန်းတွင် ရက်ဘ်ကပြောဆိုခဲ့ခြင်း ဖြစ်သည်။ နှစ်ဘက်စလုံးအနေဖြင့် စွမ်းပကား၊ ပြင်းပြသည့်ဆန္ဒနှင့် လက်တွေ့အလုပ်ဖြစ်ရေးဝါဒ ထင်ဟင်ပါက သဘောတူညီချက် ရရှိနိုင်ကြောင်းလည်း ပြောဆိုခဲ့သည်။
ဗြိတိန်နှင့် အီးယူသည် ပြတ်စဲပြီးနောက် ကုန်သွယ်ရေးသဘောတူညီချက်ရရန် များစွာလိုအပ်နေသေးသည်။ ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေ၏ ကွန်ဆာဗေးတစ်ပါတီတွင်း၌ ဘရက်ဇစ်အရေးနှင့်ပတ်သက်၍ သဘောကွဲမှု နက်ရှိုင်းခဲ့ပြီး အရေးပါသည့် ဘရက်ဇစ်ရေးရာဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ပါ ရှေ့ဆင့်နောက်ဆင့် နုတ်ထွက်ခဲ့သည်အထိ ဖြစ်ခဲ့သည်။ နုတ်ထွက်ခဲ့သည့် ဒေးဗစ်ဒေးဗီးစ်နေရာတွင် ရက်ဘ်ကို ခန့်အပ်ခဲ့သည်။
မေ၏ ဘရက်ဇစ်အရေးအဆိုပြုချက်သည် ပျော့ပြောင်းလွန်းလှကြောင်း ပါတီတွင်း သဘောထားတင်းမာသူတွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ အီးယူဘက်ကလည်း မေ၏ နောက်ဆုံးအဆိုပြုချက်ကို ဟက်ဟက်ပက်ပက် မရှိလှဘဲ အလားအလာအတွက် မေးခွန်းများစွာ ပြန်လည်မေးမြန်းထားသည်။ ယင်းအတွက် ဘရပ်ဆဲလ်တွင် ဆက်လက်ဆွေးနွေးကြမည်ဟုလည်း ရက်ဘ်ကပြောဆိုခဲ့သည်။
ဗြိတိန်သည် ၂၀၁၉ မတ်လအပြီး အီးယူမှနုတ်ထွက်မည်ဖြစ်ပြီး ယင်းမတိုင်ခင် အောက်တိုဘာတွင် အီးယူပါလီမန်၊ အီးယူအဖွဲ့ဝင်နိုင်ငံများ၏ပါလီမန်များနှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရန် မျှော်လင့်နေသည်။ ထရီဆာမေသည် ယခုအပတ်အတွင်း သြစတြေးလျ၊ ချက်နှင့် အက်စတိုနီးယားခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂျွန်မေဂျာက ကွန်ဆာဗေးတစ်ပါတီထဲက ဘရက်ဇစ်အရေး သဘောထား တင်းမာသူများသည် အခြေအနေကို ပိ်ုဆိုးရွားစေကြောင်း၊ အစိုးရလုပ်သမျှ ကဖျက်ယဖျက် လုပ်ကြလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

















