ကနေဒါ၌ ဖြစ်တောင့်ဖြစ်ခဲ လူအများထိခိုက်စေသည့် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား၍ တစ်ဦးသေဆုံး

ကနေဒါ၌ ဖြစ်တောင့်ဖြစ်ခဲ လူအများထိခိုက်စေသည့် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား၍ တစ်ဦးသေဆုံး

တိုရန်တို    ဇူလိုင် ၂၃
    ကနေဒါ၌ ဖြစ်တောင့်ဖြစ်ခဲအဖြစ် လူအများထိခိုက်စေသည့် သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့၍ တစ်ဦးသေဆုံးခဲ့ပြီး သေနတ်သမားကို ရဲများက ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။ တိုရန်တိုမြို့၊ ဂရိတောင်းတွင် လူတစ်ဦးက အခြား ၁၄ ဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ မိန်းကလေးတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။

ဇူလိုင် ၂၂ ရက်က ဖြစ်ပွားခဲ့သည့် ယင်းဖြစ်ရပ်သည် အကြမ်းဖက်ဝါဒစွဲတိုက်ခိုက်မှု မဟုတ်ကြောင်းလည်း ရဲချုပ် မတ်ဆောင်းဒါးစ်က ပြောဆိုသည်။ မျက်မြင်တစ်ဦး၏ ဗွီဒီယိုမှတ်တမ်းအရ အနက်ရောင်ဝတ်စုံဝတ်ကာ ဦးထုတ်နက် ဆောင်းထားသည့် သေနတ်သမားသည် လျင်မြန်စွာလမ်းလျှောက်လာရာမှ သေနတ်အတိုတစ်လက်ဖြင့် ဆိုင်တစ်ဆိုင်အတွင်းသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ယင်းဧရိယာသည် ဂရိစားသောက်ဆိုင်နှင့် ကော်ဖီဆိုင်များ ထူထပ်သည့်နေရာဖြစ်သည်။
    အခြားသက်သေတစ်ဦးက သေနတ်သံ အချက် ၂၀ မှ ၃၀ ခန့် ကြားခဲ့ရကြောင်း ပြောဆိုခဲ့သည်။ မိန်းကလေးတစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာပြင်းထန်ကာ အခြားထိခိုက်သူများအသေးစိတ်အခြေအနေ မသိရသေးပေ။ တိုရန်တိုတွင် လူအများထိခိုက်စေသည့် ပစ်ခတ်မှုမျိုးမှာ ရှားရှားပါးပါးဖြစ်သော်လည်း မကြာမီက သေနတ်ကိုင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့၍ ရဲတပ်ဖွဲ့ဝင်များ တိုးချဲ့ဖြန့်ကြက်ထားခဲ့သည်။