ဝါရှင်တန် ဇူလိုင် ၂၃
အမေရိကန်ပြည်ထောင်စုကိုခြိမ်းခြောက်ပါက ကြောက်မက်ဖွယ်အကျိုးဆက်များ ရင်ဆိုင်ရမည်ဖြစ်၍ ထပ်ခံခြိမ်းခြောက်မှုမပြုရန် အီရန်သမ္မတ ဟာဆန်ရိုဟာနီကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၂၃ ရက်၌ သတိပေးလိုက်သည်။
အီရန်သည် ငြိမ်းချမ်းရေးနှင့်စစ်ပွဲတကာတို့၏မိခင်ဖြစ်ခြင်းကြောင့် အမေရိကန်သည် အီရန်နှင့် ငြိမ်းချမ်းရေးရရှိ်ရန် ကောင်းစွာသဘောပေါက်ရမည်ဖြစ်ကြောင်း သမ္မတရိုဟာနီက ဇူလိုင် ၂၁ ရက်၌ ပြောဆိုခဲ့သည်။ ထရမ့်အနေဖြင့် ခြင်္သေ့အမြီးနှင့်ကစားနေခြင်း၊ အီရန်ကိုခြိမ်းခြောက်ခြင်းတို့ကို ရပ်တန့်ရန်နှင့် သို့မဟုတ်က နောင်တရလိမ့်မည်ဟုလည်း ရိုဟာနီက ပြောဆိုခဲ့သည်။
ယင်းကြောင့် သမ္မတထရမ့်က (အမေရိကန်ပြည်ထောင်စုကို မည်သည့်အခါမျှခြိမ်းခြောက်ခြင်းမပြုရန်နှင့် ထပ်မံခြိမ်းခြောက်လျှင် သမိုင်းတွင် မကြုံဖူးသည့် ကြောက်မက်ဖွယ်အကျိုးဆက်ကို ခံစားရင်ဆိုင်ကြရလိမ့်မည်)ဟု တွစ်တာတွင် ရေးသားခဲ့သည်။ သမ္မတထရမ့်၏ သတိပေးချက်နှင့်စပ်လျဉ်း၍ အမေရိကန်သည် စိတ်ဓာတ်ရေးရာစစ်ပွဲသာ ဆင်နွှဲနေခြင်းဖြစ်ကြောင်း၊ အီရန်ကို အမှန်တကယ် စစ်တိုက်ရဲခြင်းမရှိကြောင်း အီရန်ဗိုလ်ချုပ်ကြီး ဂိုလမ်ဟိုစိန် ဂီပါဗာက ပြောဆိုခဲ့သည်။ အီရန် ပါလီမန်အမတ် ဟက်ရှ်မာတိုလာ ဖာလာဟာဖီရှာကလည်း တင်းမာမှုမြင့်တက်သော်ငြားလည်း အီရန်နှင့် အမေရိကန်အကြား စစ်ဖြစ်မည်ဟု မယုံကြည်ကြောင်း ပြောဆိုခဲ့သည်။
သမ္မတထရမ့်သည် ယခုနှစ်အစောပိုင်းတွင် ၂၀၁၅ က ရရှိခဲ့သည့် အီရန်နှင့် ကမ္ဘာ့နိုင်ငံကြီးများအကြား အီရန် နျူကလီးယားအရေးသဘောတူစာချုပ်မှ အမေရိကန်ကို ဆွဲထုတ်ခဲ့ပြီး အီရန်အပေါ် အရေးယူဒဏ်ခတ်မှုများ ပြန်လည် ချမှတ်ခဲ့သည်။ ယင်းဒဏ်ခတ်မှုနှင့် အမေရိကန်သံရုံးကို ဂျေရုဆလင်သို့ရွှေ့ပြောင်းမှု၊ မွတ်စလင်အများစုနိုင်ငံများမှ ခရီးသွားများကို အမေရိကန်ကဗီဇာပိတ်ပင်မှုတို့အတွက် အမေရိကန်ကို အီရန်က ပြင်းထန်စွာ ပြစ်တင်ဝေဖန်ခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုကလည်း အီရန်ခေါင်းဆောင်များ၏ ညံ့ဖျင်းမှုကို အီရန်ပြည်သူများ သည်းခံနှုတ်ဆိတ်နေကြောင်း၊ သမ္မတထရမ့်ခေါင်းဆောင်မှုအောက်မှ အမေရိကန်ပြည်ထောင်စုအနေဖြင့်မူ နှုတ်ဆိတ်မနေနိုင်ကြောင်း၊ အနှစ် ၄၀ ကြာ မင်းဆိုးမင်းညစ်လက်အောက်တွင် နေထိုင်ခဲ့ရသည့် အီရန်ပြည်သူများကို အမေရိကန်ပြည်သူများက ထောက်ခံအားပေးကြောင်း ပြောဆိုခဲ့သည်။

















