ဆိုင်ကယ်မောင်းသူ ၂ ဦး သေဆုံးသည့် ယာဉ်တိုက်မှုမှ ယာဉ်မောင်းထွက်ပြေး

ဆိုင်ကယ်မောင်းသူ ၂ ဦး သေဆုံးသည့် ယာဉ်တိုက်မှုမှ ယာဉ်မောင်းထွက်ပြေး

ပြင်ဦးလွင်ခရိုင်၊ ကျောက်ချော - ရဲရွာလမ်းပိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ ၂ ဦးသေဆုံးခဲ့ကာ ယာဉ်နှင့်ယာဉ်မောင်းထွက်ပြေးတိမ်းရှောင်မှုကို သက်ဆိုင်ရာက အမှုဖွင့်စုံစမ်းလျက် ရှိသည်။ 

ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပြင်ဦးလွင်ခရိုင်၊ ကျောက်ချော - ရဲရွာ လမ်းပိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦး သေဆုံးနေကြောင်းသတင်းအရ ကဗြူးရဲကင်းစခန်းမှ သွားရောက်စစ်ဆေးခဲ့သည်။ 
အဆိုပါနေရာတွင် ဆိုင်ကယ် (၁)စီးနှင့် အတူ စလင်းမြို့နယ်နေ အောင်သူဖြိုး(၁၉ နှစ်)နှင့် မော်ကျွန်းမြို့နေ ချစ်မင်းဝေ(၁၈ နှစ်)တို့ကို ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရပြီး တိုက်မိသည့် မော်တော်ယာဉ်ကို မတွေ့ရကြောင်း သိရသည်။ 
ပြင်စာရဲကင်းစခန်းတွင် ယာဉ်(ပ) ၃၄/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ - က/၂၀၂ အရ အမှုဖွင့်ထားပြီး ယာဉ်ဖြင့်တိုက်ကာ ထွက်ပြေးတိမ်းရှောင်နေသည့် ယာဉ်နှင့် ယာဉ်မောင်းတို့ကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိသည်။