ရီယိုဒီဂျနီယို ဇူလိုင် ၂၃
ဘရာဇီးနိုင်ငံတွင် အောက်တိုဘာ၌ ကျင်းပမည့် သမ္မတရွေးကောက်ပွဲသို့ ဝင်ပြိုင်မည်ဟု လက်ယာစွန်းနိုင်ငံရေးသမား ဂျာ ဘိုဆိုနာရိုက ကြေညာလိုက်သည်။ ၎င်းသည် အစွန်းရောက် အမျိုးသားရေးဝါဒီအဖြစ် ရှုမြင်ခံရသူဖြစ်ကာ၊ ရှေ့နောက်မညီသည့် အငြင်းပွားဖွယ် မှတ်ချက်စကားများ ပြောတတ်သဖြင့် ဘရာဇီး ထရမ့်ဟုလည်း တင်စားခံရသူဖြစ်သည်။
မစ္စတာ ဘိုဆိုနာရိုသည် သဘောထားစစ်တမ်းများအရ လူကြိုက်များမှု ဒုတိယနေရာတွင် ရှိနေပြီး၊ သမ္မတဟောင်း လူးရစ် အင်နာစီယို လူလာ ဒါ ဆီးလ်ဗားက ပထမနေရာတွင် ရှိနေသည်။ သို့သော် မစ္စတာ လူလာသည် ထောင်ဒဏ်ကျခံနေရသဖြင့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်နိုင်ခြေနည်းနေသည်။
မစ္စတာ ဘိုဆိုနာရိုသည် လူမျိုးရေးခွဲခြား၊ အဓိပ္ပါယ်ရှေ့နောက်မညီသည့် မှတ်ချက်စကားများ ပြောကြားမှုကြောင့်လည်း ဝေဖန်ခံနေရသည့်တိုင် ၎င်းကို ထောက်ခံသူများကမူ ရာဇဝတ်မှု ထူပြောသော ဘရာဇီးတွင် ၎င်းကဲ့သို့ တုံးတိုက်တိုက် ကျားကိုက်ကိုက်လုပ်မည့် အမျိုးသားရေးဝါဒီတစ်ဦး လိုအပ်သည်ဟု ဆိုထားကြသည်။
အသက် ၆၃ နှစ်အရွယ် မစ္စတာ ဘိုဆိုနာရိုက သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မည့်အကြောင်းကို ရီယိုမြို့တွင် ထောက်ခံသူများနှင့် တွေ့ဆုံစဉ် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ဆိုရှယ် လစ်ဘရယ် ပါတီ (ပီအက်စ်အယ်လ်) ကို ကိုယ်စားပြုကာ ဝင်ပြိုင်မည်ဟု သိရသည်။ မစ္စတာ ဘိုဆိုနာရိုသည် နိုင်ငံအတွင်း ရာဇဝတ်မှုများ ထူပြောနေစေသည့် မှောင်ခိုလက်နက်များ ပျံ့နှံ့နေမှုကို ထိန်းချုပ်ရန် လက်နက်ကိုင်ဆောင်ခွင့် ဥပဒေကို ဖြေလျှော့ပြီး တရားဝင်လက်နက်မှတ်ပုံတင်ရ လွယ်ကူအောင် ဆောင်ရွက်ပေးမည်ဟုလည်း ကတိပြုထားသည်။ ကိုယ်ဝန်ဖျက်ချခြင်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့် မစ္စတာ ဘိုဆိုနာရိုကို ဘာသာရေးအယူအစွဲကြီးသူများကလည်း ထောက်ခံလျက်ရှိသည်။

















