အရည်အသွေးနှင့်လိမ်လည်မှုများကြောင့် ကာကွယ်ဆေးလုပ်ငန်းများ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်မည်ဟု တရုတ်ဝန်ကြီးချုပ် သတိပေး

အရည်အသွေးနှင့်လိမ်လည်မှုများကြောင့် ကာကွယ်ဆေးလုပ်ငန်းများ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်မည်ဟု တရုတ်ဝန်ကြီးချုပ် သတိပေး

ပေကျင်း     ဇူလိုင် ၂၃ 
    တရုတ်နိုင်ငံတွင် ကာကွယ်ဆေး အရည်အသွေး ညံ့ဖျင်းမှု၊ လိမ်လည်မှုများ ဖြစ်ပွားခဲ့သဖြင့် အများပြည်သူ ကျန်းမာရေးအတွက် စိုးရိမ်မှုများ မြင့်တက်လျက်ရှိရာ ဝန်ကြီးချုပ် လီကီချန်းက ကာကွယ်ဆေးထုတ်လုပ်ရေး လုပ်ငန်းများကို ကြပ်ကြပ်မတ်မတ် ကိုင်တွယ်သွားမည်ဟု သတိပေး ပြောကြားလိုက်သည်။ 

ပြီးခဲ့သည့်သီတင်းပတ်က ကာကွယ်ဆေးထုတ်လုပ်ရေးလုပ်ငန်း ချန်ရှန်း ဇီဝနည်းပညာကုမ္ပဏီသည် ခွေးရူးကာကွယ်ဆေး ထုတ်လုပ်ရက်စွဲများကို လိမ်လည်ဖော်ပြကာ ရောင်းချခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ ထုတ်လုပ်မှုများ ချက်ချင်းရပ်ဆိုင်းရန်နှင့် ကာကွယ်ဆေးများ ပြန်လည်သိမ်းယူရန် ထိုကုမ္ပဏီကို တရုတ်အာဏာပိုင်များက ညွှန်ကြားထားသည်။ ထုတ်လုပ်ရက်စွဲ လိမ်လည်မှုကြောင့် ထိခိုက်မှုမျိုး မတွေ့ရသေးသော်လည်း နိုင်ငံတစ်ဝန်း  အများပြည်သူက ကျန်းမာရေးစောင့်ရှောက်မှုကိစ္စများအပေါ် ဝေဖန်ပြစ်တင်မှုများ မြင့်တက်လျက်ရှိသည်။ 
    ကာကွယ်ဆေး ထုတ်လုပ်ရက်စွဲ လိမ်လည်ဖော်ပြမှုတွင် သက်ဆိုင်သူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ဝန်ကြီးချုပ် လီက ပြောသည်။ ချန်ရှန်း ဇီဝနည်းပညာကုမ္ပဏီသည် ထုတ်လုပ်ရက်စွဲကို လိမ်လည်ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဇူလိုင် ၁၅ တွင် တရုတ်နိုင်ငံ ဆေးဝါးအဖွဲ့အစည်း (အက်စ်ဒီအေ) က ထုတ်ပြန်ခဲ့သည်။ ကာကွယ်ဆေးများကို ပြန်လည်သိမ်းယူပြီးဖြစ်ကြောင်း၊ ကုမ္ပဏီကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိကြောင်း တရုတ် စားသောက်ကုန်နှင့် ဆေးဝါးကွပ်ကွဲမှုအဖွဲ့ (စီအက်ဖ်ဒီအေ) ကလည်း ထုတ်ပြန်သည်။ ကုမ္ပဏီသည် ဒဏ်ကြေး ယွမ်  ၃ ဒသမ ၄  သန်း (ဒေါ်လာ ၅၁၀ဝ၀ဝ) ပေးဆောင်ရမည်ဖြစ်သည်။
    နိုင်ငံပိုင်မီဒီယာဌာနခွဲ စီဂျီတီအင်န်က ဖော်ပြချက်အရ ဒီတီအေပီ ကာကွယ်ဆေးအဖုံ နှစ်သိန်းခွဲစာကို နိုင်ငံအရှေ့ပိုင်းပြည်နယ်များရှိ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနများသို့ ရောင်းချထားပြီးဖြစ်ကြောင်းလည်း သိရသည်။