ဝါရှင်တန် ဇူလိုင် ၂၃
ငှက်ဖျားရောဂါ ကုသဆေးကို နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်တာဝန်ရှိသူများက မီးစိမ်းပြကာ ခွင့်ပြုချက်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
ထိုဆေးသည် တကျော့ပြန်ငှက်ဖျားရောဂါကို အဓိကတိုက်ဖျက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ တကျော့ပြန်ဖြစ်ပွားသည့် ငှက်ဖျားကြောင့် နှစ်စဉ် လူ ၈ ဒသမ ၅ သန်းခန့် ရောဂါဒဏ်ဖိစီးလျက်ရှိသည်။ တကျော့ပြန်ငှက်ဖျားပိုးသည် အသည်းအတွင်း နှစ်ပေါင်းများစွာ ခိုအောင်းနေပြီးမှတဖန်ခေါင်းပြန်ထောင်လာကာ အကြိမ်ကြိမ် တိုက်ခိုက်နိုင်သဖြင့် နှိမ်နင်းရ ပို၍ခက်ခဲကြောင်းလည်းသိရသည်။
ဂျီအက်စ်ကေ ဆေးဝါးလုပ်ငန်းကြီးက ထုတ်လုပ်သည့် တာဖန်နိုချင်း ငှက်ဖျားကုသဆေးသည် တမူထူးခြားသည့် အောင်မြင်မှုဖြစ်ကြောင်း ဆေးသိပ္ပံပညာရှင်များက ချီးကျူးပြောကြားသည်။ ကမ္ဘာတစ်ဝန်း ဆေးဝါးကြီးကြပ်ရေး အဖွဲ့အစည်းများကလည်း ထိုဆေးဝါးကို အများပြည်သူအသုံးပြုရန် ခွင့်ပြုချက်ပေးသင့် မသင့်ကို စတင်လေ့လာနေပြီဖြစ်ကြောင်း သိရသည်။ တာဖန်နိုချင်း ဆေးဝါးသည် အသည်းအတွင်း ခိုအောင်းနေသည့် ငှက်ဖျားပိုးကို မောင်းထုတ်နိုင်ကာ တကျော့ပြန်ငှက်ဖျားဖြစ်ခြင်းမျိုးမရှိတော့အောင် ကုသပေးနိုင်ကြောင်း သိရသည်။ အမေရိကန် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲမှုအဖွဲ့ (အက်ဖ်ဒီအေ) က ထိုဆေးဝါးကို ခွင့်ပြုချက် ပေးလိုက်ပြီဖြစ်သည်။
တာဖန်နိုချင်းသည် ဆေးတစ်ဖုံတည်းဖြင့် ငှက်ဖျားပိုးကို အမြစ်ပြတ် တိုက်ထုတ်နိုင်ကြောင်းလည်း သိရသည်။ တာဖန်နိုချင်းကို ဂျီအက်စ်ကေ ကုမ္ပဏီသည် ၁၉၇၀ ပြည့်နှစ်များကတည်းက စမ်းသပ်နေခဲ့ခြင်းဖြစ်သည်။ ကနဦးတွင် ငှက်ဖျားပိုးကို ခြုံငုံတိုက်ခိုက်နိုင်သော ကုသဆေးအဖြစ် စမ်းသပ်ခဲ့သော်လည်း နောက်ပိုင်းတွင် အသည်းအတွင်း ခိုအောင်းကာ တကျော့ပြန်ငှက်ဖျား ဖြစ်ပွားစေသည့် ပိုးကို အဓိကတိုက်ခိုက်ရန် လမ်းကြောင်းပြောင်း စမ်းသပ်အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

















