ဗျူနိုအေးရီး ဇူလိုင် ၂၃
စီးပွားအင်အားကြီး နိုင်ငံများအကြား ကုန်သွယ်ရေးတင်းမာမှုများက ကမ္ဘာ့စီးပွား ချောမွေ့စွာ လည်ပတ်မှုကိုပါ ထိခိုက်ရနိုင်ကြောင်း စက်မှုထိပ်သီးနိုင်ငံ ၂၀ (ဂျီ-၂၀) မှ ဘဏ္ဍာရေးဝန်ကြီးများက ပူးတွဲထုတ်ပြန်သတိပေးလိုက်သည်။
အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရီးမြို့တွင် နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ကြခြင်း ဖြစ်သည်။ အမေရိကန်က ကုန်သွယ်ရေးတင်းမာမှုကို အရှိန်မြှင့်ကာ တရုတ်၏ သွင်းကုန် ဒေါ်လာ ၅၀ဝ ဘီလျံဖိုးအပေါ် အခွန်တိုးကောက်ရန် အဆင်သင့်ပြင်ဆင်ထားကြောင်း ဇူလိုင် ၂၀ တွင် ခြိမ်းခြောက်ခဲ့ပြီးနောက်တွင် စက်မှုထိပ်သီး နိုင်ငံ ၂၀ ဝန်ကြီးများက သတိပေးပြောကြားလိုက်ခြင်း ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဥရောပသမဂ္ဂကိုလည်း ကုန်သွယ်ရေးရန်သူအဖြစ် သဘောထားကြောင်း ပြောကြားထားသည်။ ဥရောပသမဂ္ဂအနေဖြင့် နားထင်ကို သေနတ်နှင့်တေ့ခံထားရသည့် အခြေအနေမျိုးတွင် အမေရိကန်နှင့် ကုန်သွယ်ရေးကိစ္စ မဆွေးနွေးသင့်ကြောင်းလည်း ပြင်သစ် ဘဏ္ဍာရေးဝန်ကြီးက မှတ်ချက်ပေး ပြောကြားသည်။
စက်မှုထိပ်သီး နိုင်ငံ ၂၀ ဘဏ္ဍာရေးဝန်ကြီးများ ပူးတွဲထုတ်ပြန်ချက်တွင် ကမ္ဘာ့စီးပွားရေး ကာလတိုနှင့် ကာလလတ် ထိပါးနိုင်ခြေအန္တရာယ်သည် ကြီးသထက် ကြီးလာနေကြောင်းလည်း ဖော်ပြထားသည်။ ကမ္ဘာ့စီးပွား တိုးတက်ရေးတွင် နိုင်ငံတကာဖြန့်ကျက်ကာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံနိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ တင်းမာမှုများရှိနေပါက ထိုကဏ္ဍနှစ်ရပ်လုံးတွင် ထိခိုက်ရနိုင်သဖြင့် စေ့စပ်ဆွေးနွေး အဖြေရှာရေးလမ်းစဉ်ကို ကျင့်သုံးရန် တိုက်တွန်းလိုကြောင်းဖြင့်လည်း စက်မှုထိပ်သီး နိုင်ငံ ၂၀ ဝန်ကြီးများ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

















