ဘဏ်တွင် အပ်နှံထားသည့် လုပ်ငန်းရှင်တစ်ဦး၏ ငွေကျပ်သိန်း ၆၆၀ ကို နိုင်ဂျီးရီးယားနိုင်ငံသားနှစ်ဦးက နည်းပညာအသုံးပြုထုတ်ယူခိုင်းမှုကို စုံစမ်းနေ

ဘဏ်တွင် အပ်နှံထားသည့် လုပ်ငန်းရှင်တစ်ဦး၏ ငွေကျပ်သိန်း ၆၆၀ ကို နိုင်ဂျီးရီးယားနိုင်ငံသားနှစ်ဦးက နည်းပညာအသုံးပြုထုတ်ယူခိုင်းမှုကို စုံစမ်းနေ

ကမ္ဘောဇဘဏ် (KBZ) တွင်အပ်နှံထားသည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ငွေကျပ်သိန်း ၆၆၀ ကို နိုင်ဂျီးရီးယားနိုင်ငံသားနှစ်ဦးက နည်းပညာအသုံးပြုကာ အမျိုး သမီးနှစ်ဦး၏ အကောင့်သို့ လွှဲပြောင်း ထုတ်ယူခိုင်းခဲ့သည်ဆိုမှုကို လတ်တလော စစ်ဆေးနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ် ဖွဲ့မှ ဇူလိုင် ၂၃ ရက်နေ့က သိရသည်။ 

ဇူလိုင် ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြ သာစည်မြို့နယ်ရှိ ကမ္ဘာဇဘဏ်ခွဲ (၄)၌ ငွေစာရင်းရေးဖွင့်ထားသည့် ကမာရွတ်မြို့နယ်နေ စားသောက်ဆိုင်လုပ်ငန်းပိုင်ရှင်တစ်ဦး၏ ဘဏ် Account အဟက်ခံခဲ့ရသည်။
ထိုသို့အဟက်ခံရပြီး ငွေကျပ် သိန်းလေးရာ့ရှစ်ဆယ်ကို လူတစ်ဦးတစ်ယောက်က ထုတ်ယူသွားကြောင်း စားသောက်ဆိုင်လုပ်ငန်းပိုင်ရှင်က ၄င်း၏ စီးပွားရေးအတိုင်ပင်ခံဖြစ်သူ ဦးမြင့်အောင်ထံသို့ ပြောကြားခဲ့သည်။ 
ထို့နောက် ကမ္ဘာဇဘဏ်မှတာဝန်ရှိသူများနှင့် ချိတ်ဆက်စုံစမ်းခဲ့ရာ ဇူလိုင် ၁၆ နှင့် ၁၇ ရက်နေ့ များတွင် အဆိုပါဘဏ်အကောင့်တွင်းမှ ငွေများကို မင်္ဂလာဒုံမြို့နယ်နေ ဒေါ်မေသီတာစိုး ဖွင့်လှစ်ထားသည့် ဘဏ် အကောင့်ထဲသို့ ဆက်သွယ်ရေးနည်းပညာဖြင့် လွှဲပြောင်းခိုးယူသွားကြောင်း သိရသဖြင့် အရေးယူပေးရန် လုပ်ငန်းရှင်၏ စီးပွားရေးအတိုင်ပင်ခံ ဦးမြင့်အောင်က သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ 
ကမာရွတ်မြို့မ ရဲစခန်းက(ပ)၅၂၃/၁၈ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။ 
'' အမှုဖွင့်ထားတာတော့ မှန်ပါတယ်။ စခန်းမှူးကိုယ်တိုင်စစ်ဆေးနေတာဖြစ်တာကြောင့် လောလော ဆယ်ပြောလို့ မရသေးပါဘူး"ဟု ကမာရွတ်မြို့မရဲစခန်းမှ ဒုရဲအုပ် နိုင်ထက်အောင်က ပြောသည်။ အလားတူ အဆိုပါနေ့တွင် လက်ကျန်ငွေစာရင်းများထဲမှ ငွေကျပ် သိန်း ၁၈၀ ကို နည်းပညာအသုံးပြု၍ စာရင်းလွွှဲပြောင်းကာ အမျိုးသမီးတစ်ဦးက မင်္ဂလာတောင်ညွန့်မြို့နယ် ကမ္ဘာဇဘဏ်ခွဲ(အောင်ဆန်းကွင်း)မှ ထုတ်ယူသွားကြောင်း သိရသဖြင့် အရေးယူပေးရန် လုပ်ငန်းရှင်၏ စီးပွားရေးအတိုင်ပင်ခံ ဦးမြင့်အောင်က သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ 
မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက (ပ)၃၇၆/၁၈ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ) အရ အမှုဖွင့် စုံစမ်းခဲ့သည်။ 
'' အမှုတိုင်ကြားထားတာ မှန်ပါတယ်။ လောလောဆယ် စစ်ဆေးနေဆဲ မို့လို့ ပြောမရသေးဘူး။ စစ်ဆေးပေါ်ပေါက်ရင် တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပေးမှာပါ" ဟု မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။ 
ဇူလိုင် ၂၃ ရက်နေ့ ကနဦးသတင်းများအရ နိုင်ဂျီးရီးယားနိုင်ငံသား တစ်ဦး(စိစစ်ဆဲ)နှင့် အမှုနှင့် ဆက်စပ်နေသူ အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ 
'' မဟာဗန္ဓုလပန်းခြံမှာ ဒီနိုင်ငံခြားသားတစ်ယောက်နဲ့ တွေ့ဆုံတာကနေ အခုလိုမျိုးငွေတွေ ထုတ် ခိုင်းခဲ့တာလို့ တော့ သိရတယ်။ တိတိကျကျတော့ စစ်ဆေးနေတုန်းမို့လို့ မပြောနိုင်သေးဘူး။ အမှုစစ်ဆေးနေတဲ့ အရာရှိတွေမှသိနိုင်မှာပါ" ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။