မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူး ကျင်းပသည့် ၂၀၁၈ ခုနှစ် ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲကြီး ဒုတိယနေ့ ကွာတားဖိုင်နယ်ပွဲစဉ် များကို ဇူလိုင် ၂၂ ရက် မွန်းလွဲ ၂ နာရီက သိမ်ဖြူ လက်ဝှေ့ရုံ၌ကျင်းပခဲ့ရာ အထူးစိန်ခေါ်ပွဲတွင် ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းနှင့် ထိုင်း ဖိုက်မှ ဆိုင်းယော့တို့ ပူးတွဲသရေကျခဲ့သည်။
ဘတစ်ပြန်ကျားတစ်ပြန်
အဆိုပါပြိုင်ပွဲ ဒုတိယနေ့ ကွာတားဖိုင်နယ် ပွဲစဉ်များ၌ ငါးချီစိန်ခေါ်ပွဲ ကီလိုတန်းသုံးတန်း နှင့် အထူးစိန်ခေါ်ပွဲ သုံးပွဲယှဉ်ပြိုင်ခဲ့သည်။ အထူးစိန်ခေါ်ပွဲတွင် ဒူးအရွတ်ဒဏ်ရာကြောင့် ကြိုးဝိုင်းနှင့် နှစ်နှစ်နီးပါး ဝေးကွာနေသည့် ထွန်းထွန်းမင်းနှင့် မွေထိုင်းချန်ပီယံ ဆိုင်း ယော့တို့၏ပွဲမှာ ဘတစ်ပြန်ကျားတစ်ပြန်ရှိခဲ့ပြီး ငါးချီပြည့်သည့်အထိ အနိုင်အရှုံးအဖြေမပေါ် ခဲ့ဘဲ ပူးတွဲသရေဖြင့် ကျေနပ်ခဲ့ကြရသည်။ ထို့နောက် ထွန်းမင်းလတ်နှင့် အောင်ပိုင်၊ ထွန်းမင်းနိုင်နှင့် ကျော်စွာဝင်းတို့၏ အထူးစိန် ခေါ်ပွဲများဆက်လက်ထိုးသတ်ခဲ့ရာ အနိုင်အရှုံး အဖြေမပေါ်ခဲ့ဘဲ ပူးတွဲသရေဖြင့်ပြီးဆုံးခဲ့သည်။
၅၄ ကီလိုတန်းတွင် ဝမ်းဝမ်းက ကျော်ဇင် အောင်ကိုအလဲထိုးဖြင့်လည်းကောင်း၊ လင်း ထက်အောင်က တက်ထွန်းကို အလဲထိုးဖြင့် လည်းကောင်း၊ ဂျစ်တူးက လှိုင်းထက်အောင်ကို အလဲထိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။ ၅၇ကီလိုတန်းတွင် ကောင်းကောင်းက ရာဇာကို အလဲထိုးဖြင့်လည်းကောင်း၊ နက္ခအောင်က ထရိန်းကို အလဲထိုးဖြင့်လည်းကောင်း အနိုင် ရရှိပြီး ဂျိုကာက အောင်နေထူးကို ဒိုင်အဆုံး အဖြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
၆၀ ကီလိုတန်း၌ ယျူးခလိန်းမင်းက အဖိုး သွေးကို တတိယအချီ၌ ဒိုင်ပွဲရပ်ဖြင့်အနိုင်ရရှိ ခဲ့သည်။ အောင်ခန့်ငြားနှင့် ထူးနေသူပွဲတွင် ဒိုင်အဆုံးအဖြတ်ဖြင့် ထူးနေသူက အနိုင်ရခဲ့ပြီး ဇွဲလင်းအောင်နှင့် ဆူးမိုက်တို့ပွဲတွင် ဒိုင်အဆုံး အဖြတ်ဖြင့် ဆူးမိုက်ကအနိုင်ရရှိခဲ့သည်။ သက် ဆိုးပေနှင့်စောလူပျိုပွဲတွင် ပထမအချီ၌ပင် စော လူပျိုက အလဲထိုးအနိုင်ရခဲ့သည်။














