ဂရိ၌ တောမီးကူးစက်၍ အပန်းဖြေစခန်းမီးလောင်မှု အနည်းဆုံး ၅၀ သေဆုံး၊ ၁၀ဝ ကျော် ဒဏ်ရာရရှိခဲ့

ဂရိ၌ တောမီးကူးစက်၍ အပန်းဖြေစခန်းမီးလောင်မှု အနည်းဆုံး ၅၀ သေဆုံး၊ ၁၀ဝ ကျော် ဒဏ်ရာရရှိခဲ့

ဂရိနိုင်ငံ၊ အေသင်မြို့တော်အနီးရှိ အပန်းဖြေစခန်းတစ်ခု ရုတ်တရက် တောမီးကူးစက်လောင်ကျွမ်းခဲ့မှုကြောင့် ဇူလိုင် ၂၄ နေ့လယ်အထိ လူ ၅၀ ထက်မနည်း သေဆုံးခဲ့ပြီး ၁၀ဝ ကျော် ဒဏ်ရာရရှိခဲ့သည်။ ယင်းအဖြစ်က ဆယ်နှစ်ကျော်အတွင်း ဂရိအတွက် လူအသေအပျောက်အများဆုံး မီးလောင်ကျွမ်းမှုဖြစ်ကြောင်း သိရသည်။

တောမီးငြိမ်းသတ်ရန် နိုင်ငံတကာအကူအညီတောင်းခံခဲ့ရပြီး လူရာပေါင်းများစွာကို ရေတပ်သင်္ဘောများ၊ ရွက်လှေများ၊ ငါးဖမ်းလှေများဖြင့် ကယ်ထုတ်ခဲ့ရသည်။ဆိုက်ပရပ်စ်နှင့် စပိန်တို့က အကူအညီပေးရန် ကမ်းလှမ်းခဲ့သည်။ တောမီးနှင့်အတူ လေပြင်းသည် တစ်နာရီ ကီလိုမီတာ ၈၀(မိုင် ၅၀)နှုန်းအထိ တိုက်ခတ်ခဲ့ပြီး နိုင်ငံရှိရှိသမျှ မီးသတ်လေယာဉ်၊ ရဟတ်ယာဉ်အားလုံးအသုံးချငြိမ်းသတ်ခဲ့ရသည်။

စစ်ဘက်သုံး ဒရုန်းယာဉ်များက ဝေဟင်မှအကဲကြည့်လျက် မြေပြင်မှ မီးသတ်သမား ၆၀ဝ ကျော်လည်း မီးငြိမ်းသတ်နေသည်။ လေကြောင်းပြောင်းလဲပြီး မီးကူးစက်မှုလျင်မြန်လွန်း၍ အပန်းဖြေစခန်းရှိရာ ရာဖီနာ ဆိပ်ကမ်းမြို့ ညအချိန်လောင်ကျွမ်းခြင်းကြောင့်် အထိအခိုက်များပြားခြင်းဖြစ်သည်။ ဂရိနိုင်ငံ၏ ကျော်ကြားသည့် ရှေးဟောင်းအမွေအနှစ်များကိုမူ တောမီးက ခြိမ်းခြောက်မှုမရှိသေးချေ။

၂၀ဝ၇ ခုနှစ်က လူ ၆၀ ကျော် သေဆုံးခဲ့ရသည့် တောင်ပိုင်း ပီလိုပွန်းနီးစ်ဒေသ မီးလောင်မှုနောက်ပိုင်း အဆိုးရွားဆုံး မီးလောင်ကျွမ်းမှုဖြစ်သည်။ ဘော့စနီးယားသို့သွားသည့်ခရီးစဉ်ကို ဖြတ်တောက်ပြီး လှည့်ပြန်လာသည့် ဂရိဝန်ကြီးချုပ် အဲလက်စ်ဆီပရက်စ်က ဂရိအတွက် ခက်ခဲသည့်ညဖြစ်ခဲ့ကြောင်း ပြောဆိုသည်။ ရာဖီနာသည် အေသင်အရှေ့ဘက် ကီလိုမီတာ ၃၀(၁၈ မိုင်)အကွာတွင် တည်ရှိသည်။ ဇူလိုင် ၂၃ ရက်က ရာဖီနာအပြင် အေသင်အနောက်ဘက် ၅၅ ကီလိုမီတာ(၃၅ မိုင်)အကွာရှိ ကီနီတာတွငလည်း တောမီးကူးစက်လောင်ကျွမ်းခဲ့သည်။

မကြာမီက အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်(၁၀၄ ဖာရင်ဟိုက်)အထိ မြင့်တက်ခဲ့သည့် ဂရိနိုင်ငံ၏ ခြောက်သွေ့ရာသီတွင် တောမီးလောင်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ဂရိတောင်ပိုင်းတွင်မူ ဇူလိုင် ၂၅ (ယနေ့) မိုးသည်းထန်စွာ ရွာသွန်းမည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသည်။