မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်ရေးအဓိကစခန်း ပိတ်သိမ်းလျက်ရှိကြောင်း ကန်လေ့လာသူအုပ်စုဆို

မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်ရေးအဓိကစခန်း ပိတ်သိမ်းလျက်ရှိကြောင်း ကန်လေ့လာသူအုပ်စုဆို

မြောက်ကိုရီးယားတို့သည် ဒုံးကျည်စမ်းသပ်ရေးနှင့် ဂြိုဟ်တုလွှတ်တင်ရေးအတွက် အဓိကကျသည့်စခန်းတစ်ခုကို ပိတ်သိမ်းလျက်ရှိကြောင်း အမေရိကန်လေ့လာရေးအုပ်စုတစ်စုက ထုတ်ပြန်သည်။

၃၈ မျဉ်းပြိုင်အမည်ရှိ သုတေသီအုပ်စုက ဇူလိုင် ၂၀ နှင့် ၂၂ ရက်အတွင်း ရိုက်ယူခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများအရ တိုက်ချင်းပစ်ဒုံးပျံအတွက် အင်ဂျင်စမ်းသပ်မှု၊ လွှတ်တင်ရေးယာဉ်နှင့် ဒုံးပစ်စင် သယ်ဆောင်သည့် သံလမ်းပြေးယာဉ် အပါအဝင် အရေးပါသည့် အခြေခံအဆောက်အအုံများ ဖြုတ်သိမ်းလျက်ရှိသည်ကို တွေ့ရှိရသည်ဟုဆိုသည်။

တောင်ကိုရီးယားသမ္မတရုံးမှ အရာရှိတစ်ဦးကလည်း မြောက်ကိုရီးယား၏ ဆိုဟေးပစ်လွှတ်ရေးစခန်းဖျက်သိမး်သည့် အပြုအမူများ တွေ့ရှိခဲ့ကြောင်း၊ နျူကင်းစင်ရေး အပေါင်းလက္ခဏာသက်ရောက်မှုဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်၌ ပြောဆိုခဲ့သည်။

ဆိုးလ်ရှိ သိပ္ပံနှင့်နည်းပညာမူဝါဒသိပ္ပံမှ ဒုံးကျည်ကျွမ်းကျင်သူ လီချွန်းဂျန်ကမူ တာဝေးပစ်ဒုံးကျည်အတွက် စမ်းသပ်မှု ကျေနပ်ဖွယ်ဖြစ်၍ ဒုံးကျည်အင်ဂျင်စမ်းသပ်စခန်းကို အဖျက်ပြခြင်းဟု ပြောဆိုသည်။ အကယ်၍ ဆိုဟေးစခန်းတစ်ခုလုံးကို အမှန်တစ်ကယ်ဖျက်သိမ်းလျှင် တာဝေးပစ်ဒုံးကျည်စွမ်းရည်ကို လျှော့ချခြင်းဟု ဆိုနိုင်ကြောင်း၊ ပြုံယမ်းသည် ရွှေ့ပြောင်းနိုင်သော ပစ်စင်များဖြင့် တိုက်ချင်းပစ်ဒုံးကျည်များ ပစ်ခတ်နိုင်သေးကြောင်း၊ ၄င်းနည်းပညာမှာမူ စိတ်မချရသေးကြောင်းလည်း လီချွန်းဂျန်က ပြောဆိုသည်။

ဇွန် ၁၂ ရက်က စင်ကာပူတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် မြောက်ကိုရီးယားသည် ဒုံးကျည်အင်ဂျင်စမ်းသပ်သည့် အဓိကစခန်းတစ်ခု ဖျက်သိမ်းပြီးဖြစ်ကြောင်း စခန်းအမည်မညွှန်းဘဲ ပြောဆိုခဲ့သည်။ ခေါင်းဆောင်နှစ်ဦးတို့သည် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယား လုံးဝကင်းစင်ရေး ရှေးရှုသည့် ဆောင်ရွက်မှုများ လုပ်ဆောင်ရန် သဘောတူခဲ့ကြသည်။

သို့သော် ပြုံယမ်းအနေဖြင့် ၄င်း၏ရှင်သန်ရေးအာမခံချက်သဖွယ်ဖြစ်သည့် နျူကလီးယားလက်နက်များကို အပြည့်အဝ ဖျက်သိမ်းပါမည်လောဟူသည့် သံသယများလည်း ပေါ်ပေါက်လျက်ရှိသည်။ မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စိီမံကိန်းများ အောင်မြင်ပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း ကင်ဂျုံအွန်က ၂၀၁၇ ခုနှစ်တွင် ကြေညာခဲ့သည်။