အဝေးပြေးလမ်းဖောက်ရန် မလွတ်သည့်ကျူးကျော်များရှင်းလင်း ကင်ညာလူဦးရေ သုံးသောင်းကျော် နေအိမ်များမှ ဖယ်ရှားခံရ

အဝေးပြေးလမ်းဖောက်ရန် မလွတ်သည့်ကျူးကျော်များရှင်းလင်း ကင်ညာလူဦးရေ သုံးသောင်းကျော် နေအိမ်များမှ ဖယ်ရှားခံရ

ကင်ညာနိုင်ငံတွင် မြို့တော်  နိုင်ရိုဘီနှင့် ချိတ်ဆက်မည့် အဝေးပြေးလမ်းမကြီးတစ်လမ်း ဖောက်လုပ်ရာတွင် မလွတ်ကင်းသော ကျူးကျော်ရပ်ကွက်တစ်ခုကို ရှင်းလင်းခဲ့ပြီး၊ လူသုံးသောင်းကျော်ခန့်၏ နေအိမ်များ ဖယ်ရှားခံခဲ့ရကြောင်း သိရသည်။

မြို့တော် နိုင်ရိုဘီရှိ အကြီးဆုံး ကျူးကျော်ရပ်ကွက် ကိုင်ဘာရာ၏ တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ အဝေးပြေးလမ်းသည် စီမံကိန်းတန်ဖိုး ဒေါ်လာ သန်း ၂၀ ရှိသည်။ ကျူးကျော်အိမ်များကို ဖယ်ရှားရန်  အာဏာပိုင်များသည် နှစ်ပတ်သာ ကြိုတင်သတိပေးခဲ့သဖြင့် နေထိုင်သူအများအပြားသည် နေရာသစ် ရှာဖွေချိန်မရဘဲ အကျပ်အတည်းတွေ့ခဲ့ရသောကြောင့် ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။

ယခုလို ကျူးကျော်ရပ်ကွက်ကို ဖယ်ရှားရာတွင် နေထိုင်သူများ ပြောင်းရွှေ့ရန် လုံလောက်သည့်အချိန် မပေးသဖြင့် အခက်တွေ့ကြရသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာမှုအဖွဲ့က ဝေဖန်ထောက်ပြထားသည်။ ကင်ညာ တာဝန်ရှိသူများကမူ ထိုသူများသည် တရားမဝင် ကျူးကျော်နေထိုင်သူများသာဖြစ်သည်ဟု တုံ့ပြန်ထားသည်။

ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူများ စုပေါင်း၍ တရားရုံးတွင်  ရင်ဆိုင်ခဲ့ကြသော်လည်း အမှုနှစ်မှုလုံးတွင် ရှံှုုးခဲ့ကြကြောင်းလည်း သိရသည်။ အဝေးပြေးလမ်းသည် မြို့တော် နိုင်ရိုဘီ အနောက်ပိုင်းခြမ်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းပေးနိုင်မည်ဖြစ်သောကြောင့် နိုင်ငံအတွက် လိုအပ်သည့် စီမံကိန်းဖြစ်သည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ဖယ်ရှားခံရသည့် ကျူးကျော်ရပ်ကွက်အတွင်း မူလတန်းကျောင်း နှစ်ကျောင်းလည်း ပါဝင်ကြောင်း သိရသည်။ ဖယ်ရှားပေးရမည့် ကျူးကျော်နေထိုင်သူများကို နေရာသစ်တွင် နေရာချပြီးမှ  ရပ်ကွက်ကို ရှင်းလင်းရမည်ဟူသော သဘောတူချက်ကို အာဏာပိုင်များဘက်က အလေးမထားခဲ့ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏  ကင်ညာဆိုင်ရာ အကြီးအကဲ ရန်ဂူ ဟိုတန်က ထောက်ပြပြောကြားသည်။