အမေရိကန်ပြည်ထောင်စုတွင် နှစ်ရှည်ရပ်တည်ခဲ့သော New York Daily News သတင်းစာသည် ဝန်ထမ်းအင်အားကို ထက်ဝက်လျှော့ချလိုက်ကြောင်း သိရသည်။
အယ်ဒီတာဌာနပိုင်းမှ အများဆုံးလျှော့ချခံရပြီး၊ အယ်ဒီတာချုပ် ဂျင်မ်ရစ်နှင့် အုပ်ချုပ်မှုအယ်ဒီတာ ခရစ္စတင်း လီတို့လည်း ဝန်ထမ်းလျှော့ချသည့်အထဲ ပါဝင်ကြောင်း သိရသည်။ သတင်းခန်းတွင် ဝန်ထမ်း ၄၀ ခန့်သာ ကျန်ရှိမည်ဖြစ်ကြောင်း ဝန်ထမ်းဟောင်းတစ်ဦးက ပြောသည်။ သတင်းစာကို ထရွန့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းက ဝယ်ယူပြီး တစ်နှစ်မပြည့်မီမှာပင် ဝန်ထမ်းအင်အားကို ထက်ဝက်လျှော့ချလိုက်ခြင်း ဖြစ်သည်။
New York Daily News သတင်းစာကို ၁၉၁၉ ခုနှစ်စတင်ထူထောင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က ပူလစ်ဇာဆုအပါအဝင် ပူလစ်ဇာ ၁၁ ကြိမ်ထိ ဆွတ်ခူးခဲ့သည်။ လူပြိန်းကြိုက် ခေါင်းစီးများ အသားပေးလေ့ရှိသော New York Daily News သတင်းစာကို ထရွန့်လုပ်ငန်းစုသည် ပြီးခဲ့သည့်နှစ်က ၁ ဒေါ်လာဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ အင်အားလျှော့ချကာ ကျစ်လျစ်စွာ ပြန်လည်ဖွဲ့စည်းသွားမည့် သတင်းခန်းသည် ရာဇဝတ်မှု၊ တရားစီရင်ရေး၊ ပြည်သူ့တာဝန် ကဏ္ဍများမှ သတင်းဦး သတင်းထူးများကို ဦးစားပေးတင်ဆက်ရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
ထရွန့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် လော့စ်အိန်ဂျလိတိုင်းမ်၊ ရှီကာဂို ထရီဗြွန်း၊ ဘယ်တီမိုးဆန်း စသည့် သတင်းစာများကိုလည်း ပိုင်ဆိုင်ထားပြီး ပြီးခဲ့သည့်နှစ်ပိုင်းက လော့စ်အိန်ဂျလိတိုင်းမ်ကို ရောင်းထုတ်ခဲ့သည်။ ထရွန့်လုပ်ငန်းသည် လော့စ်အိန်ဂျလိတိုင်းမ်ကို ရောင်းထုတ်ရာတွင် ထိပ်ပိုင်း အယ်ဒီတာပိုင်း၊ အုပ်ချုပ်မှုပိုင်းများကို နစ်နာကြေး များများစားစား ပေးချေခဲ့သော်လည်း ကျန်ဝန်ထမ်းများကိုမူ ပြည့်ဝစွာ ပေးခြင်းမရှိဟုလည်း လော့စ်အိန်ဂျလိတိုင်းမ် ဝန်ထမ်းများက ဝေဖန်ခဲ့ကြသည်။

















