ကမ္ဘာတစ်ဝန်း ယမန်နှစ်အတွင်း မြေယာအခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ ၂၀၇ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Global Witness ၏ ဇူလိုင် ၂၄ ရက်ထုတ် အစီရင်ခံစာတွင်ဖော်ပြထားသည်။
အစိုးရနှင့် ကုမ္ပဏီများက မြေယာများကို သိမ်းယူပြီး ဖွံ့ဖြိုးရေးလုပ်ဆောင်ခြင်း၊ ကော်ဖီနှင့် ဆီအုန်းတို့စိုက်ပျိုးခြင်းတို့ကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့် မြေယာအခွင့်အရေးလှုပ်ရှားသူများ အဓိကထားသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ ယင်းကြောင့် ၂၀၁၇ ခုနှစ် သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသေဆုံးသူအများဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့သည်။
ကော်ဖီကဲ့သို့ ထုတ်ကုန်များ ဝယ်လိုအားမြင့်တက်လာသည်နှင့်အမျှ ယင်းထုတ်ကုန်လုပ်ငန်းရှင်များသည် မြေများကိုပိုမိုလိုအပ်လာခဲ့ကြောင်း Global Witness မှ လှုပ်ရှားသူ ဘန်လဲသာကပြောဆိုခဲ့သည်။ အစိုးရများလက်အောက်ရှိ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များကြောင့် သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ ၅၃ ဦးသေဆုံးခဲ့ရခြင်းဖြစ်ကြောင်း အဖွဲ့ကပြောဆိုခဲ့သည်။
ဖြစ်ရပ်တချို့တွင် နိုင်ငံတော်အစိုးရများလက်အောက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ဖြစ်ရပ်တချို့တွင် အစိုးရသည် ဒေသခံများ၏အခွင့်အရေးများကို ကာကွယ်ပေးခြင်းမရှိဘဲ စီးပွားရေးလုပ်ငန်းများကို လုပ်ပိုင်ခွင့်အပြည့်ပေးခဲ့သောကြောင့် လှုပ်ရှားသူများသေဆုံးမှုတွင် အစိုးရများကို ကြံရာပါများအဖြစ်ပင်သတ်မှတ်လို့ရနိုင်ကြောင်း လဲသာကပြောဆိုခဲ့သည်။
သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူများ သတ်ဖြတ်ခံရမှုများအပြင် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခံရခြင်း၊ ဖမ်းဆီးခံရခြင်း၊ ဆိုက်ဘာတိုက်ခိုက်ခံရခြင်း၊ လိင်ပိုင်းအနိုင်ကျင့်ခံရခြင်းနှင့် တရားစွဲဆိုခံရခြင်းတို့လည်း ရှိခဲ့သည်။ မြေယာများစွာကို သိမ်းယူပြီး စိုက်ခင်းများအဖြစ် ပြောင်းလဲခြင်း၊ သတ္တုတူးဖော်ခြင်း၊ သစ်ခုတ်ခြင်း၊ တောရိုင်းတိရစ္ဆာန်များကိုသတ်ဖြတ်ခြင်းတို့ကို ဆန့်ကျင်ခဲ့သည့် လှုပ်ရှားသူများ အဓိကထားသတ်ဖြတ်ခံခဲ့ရသည်။
၂၀၁၇ ခုနှစ်အတွင်း ဘရာဇီးသည် မြေယာအခွင့်အရေးလှုပ်ရှားသူများအတွက် အန္တရာယ်အများဆုံးနှစ် ဖြစ်ခဲ့ပြီး ၅၇ ဦးသတ်ဖြတ်ခံခဲ့ရကာ ဖိလစ်ပိုင်တွင် လှုပ်ရှားသူ ၄၈ ဦး သတ်ဖြတ်ခံခဲ့ရသည်။ ဘရာဇီးသမ္မတ မီရှဲတီမာဦးဆောင်သော အစိုးရသည် ရွေးကောက်ပွဲနှစ်ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းကြီးများအပေါ် စည်းကြပ်ရန် ပျက်ကွက်ခဲ့ကြောင်း Global Witness က ပြောဆိုခဲ့သည်။
ဖိလစ်ပိုင်၌ ကော်ဖီစိုက်ခင်းတစ်ခုကို ဆန့်ကျင်ဆန္ဒပြခဲ့သည့် ကျေးရွာသားရှစ်ဦးကို စစ်သားများက သတ်ဖြတ်မှုအပါအဝင် လှုပ်ရှားသူလေးဦး တစ်ချိန်တည်းတွင် အသတ်ခံခဲ့ရမှု ခုနစ်မှှုရှိခဲ့ကြောင်း အဖွဲ့ကပြောဆိုခဲ့သည်။

















