နီကာရာဂွာ နိုင်ငံတစ်ဝန်း ပြည်သူအများက သမ္မတ ဒယ်နီရယ် အော်တေဂါ နုတ်ထွက်ရေး ဖိအားပေး ဆန္ဒပြ တောင်းဆိုနေမှုများကို သမ္မတ အော်တေဂါက ပယ်ချလိုက်ပြီး နုတ်ထွက်ရန် ငြင်းဆန်လိုက်ကြောင်း သိရသည်။
သုံးလတာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း လူ သုံးရာနီးပါး သေဆုံးခဲ့ရမှုသည် ပြည်သူ့စစ်တပ်ဖွဲ့များ၏ တာဝန်သာဖြစ်ကြောင်း၊ ထိုအဖွဲ့များကို အစိုးရက ရန်ပုံငွေထောက်ပံ့ပေးခြင်းမရှိကြောင်း၊ အတိုက်အခံ နိုင်ငံရေးသမားများနှင့် မူးယစ်ဂိုဏ်းများကသာ ရန်ပုံငွေ ထောက်ပံ့နေခြင်းဖြစ်ကြောင်း အမေရိကန်သတင်းဌာန ဖောက်စ်နယူးစ်နှင့် တွေ့ဆုံခန်းတွင် သမ္မတ အော်တေဂါက ပြောသည်။
ဆန္ဒပြမှုများအတွင်း ပြည်သူ့စစ်လက်နက်ကိုင်များကသာ အစိုးရ လုံခြုံရေးတပ်ဖွဲ့များကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သမ္မတ အော်တေဂါက ပြောသည်။ နုတ်ထွက်ရန် ဖိအားပေးမှုများကိုလည်း ပယ်ချလိုက်ပြီး ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲကာလအထိ သမ္မတတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဒယ်နီရယ် အော်တေဂါသည် ၁၉၇၉ မှ ၁၉၉၀ ကာလများအထိ နီကာရာဂွာ သမ္မတအဖြစ် ထမ်းဆောင်ခဲ့သလို၊ ၂၀ဝ၇ ခုနှစ်တွင်လည်း အာဏာပြန်လည်ရရှိခဲ့သူ ဖြစ်သည်။ ဒဏ်ရာရသည့် အစိုးရဆန့်ကျင်ဆန္ဒပြသူများကို ကုသမပေးရန် ဆေးရုံများကို သမ္မတက ညွှန်ကြားထားသည်ဟူသော စွဲချက်သည်လည်း မမှန်ကန်ကြောင်း သမ္မတ အော်တေဂါက ဖြေရှင်းပြောကြားသည်။
အစိုးရဆန့်ကျင်ဆန္ဒပြမှုများသည် အစိုးရကို ဖြုတ်ချရန် အကြမ်းဖက်မှုဆန်ဆန် ဖန်တီးထားသည့် လုပ်ရပ်သာဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။ နီကာရာဂွာကို ဆန်ရှင်များ ချမှတ်ရန် ကြိုးပမ်းနေသည့် အမေရိကန်သည်လည်း နီကာရာဂွာ ဂုဏ်သိက္ခာကို ကျဆင်းအောင် ဖန်တီးနေခြင်းသာဖြစ်ကြောင်း သမ္မတ အော်တေဂါက စွပ်စွဲပြောကြားလိုက်သည်။


















