ဖားကန့်မြို့ အောက်မက်လင်ချောင်တွင် မြေစာပုံ ကမ်းပါးပြိုကျမှုဖြစ်ပွားကာ ကနဦး လူ ၁၀ ဦးပျောက်ဆုံးနေသောကြောင့် သက်ဆိုင်ရာက ကယ်ယူမှုများပြုလုပ်နေကြောင်း ဖားကန့်ဒေသရှိ ဝိသာခါ လူမှုကူညီရေး အသင်း မှ သိရသည်။
ဇူလိုင် ၂၄ ရက်နေ့ နံနက် ၅ နာရီ အချိန်ခန့်တွင် ဖားကန့်မြို့ မက်မုံကျေးရွာအပိုင် ဆိပ်မူအုပ်စု အောက်မက်လင်ချောင်ရှိ ဧရာရတနာကုမ္ပဏီ၏ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်ရှိ သက်တမ်းကုန်လုပ်ကွက်တွင် မြေစာပုံ ကမ်းပါးပြိုကျခဲ့ခြင်းဖြစ်သည်။
မြေစာကမ်းပါးပြိုကျမှုကြောင့်ရေမဆေးကျောက်ရှာနေသူ ၄၀ ဦးခန့်ပါသွားခဲ့ကြောင်း အခင်းဖြစ် နေရာအနီး ကျောက်ရှာ ဖွေသူများက ခန့်မှန်းပြောဆိုခဲ့ကြသည်။
ဆိပ်မူ၊ရှမ်းစု၊အောက် မက်လင် ချောင်ကျေးရွာနေ ချန်းဗီတာ၊ အဝိဝမ်ဒီးဆားရ်၊ ဆာရ်ဝမ်ဖုန်ဆန်း၊ မလောင်ဘန်ဆားရ်၊ ဒခွမ်ဆင် ဗေးဆားရ်၊ ကျော်ဆန်း၊ နန်ဇရက်၊ ရမိုင်ဇုန်၊ မျိုးဝင်းထွန်းနှင့် ချင်လေ အွမ်းဆားရ်တို့ ၁၀ ဦးမှာ ကနဦးပျောက်ဆုံးနေသူများဖြစ်ကြောင်း သက်ဆိုင်ရာသို့ ပေးပို့ထားသည့် စာရင်းများအရ သိရသည်။
'' လောလောဆယ် မြေစာပုံပြိုကျတော့ လူတွေကို ဆွဲထုတ်ဖို့ အတွက် သက်ဆိုင်ရာက ဆောင် ရွက်နေတယ်။ လူတွေကို ဆွဲထုတ်ပြီးရင်တော့ ကျွန်တော်တို့ လူမှုကူညီရေးအသင်းတွေ သွား ရောက် ကူညီပေးသွားမှာပါ" ဟု ဝိသာခါလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။
ယခုမြေစာပုံပြိုကျမှုမှာ ယခုလအတွင်း ဒုတိယအကြိမ်ပြိုကျခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့မွန်းလွဲ (၂)နာရီအချိန်ခန့်ကလည်း လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီး မဟာ အစ ပထမကျောက်စိမ်းတူးဖော်ရေးကုမ္မဏီ၏ကျောက်စိမ်းလုပ်ကွက်တွင် ကမ်းပါးနံရံပြိုကျမှုကြောင့် ဇူလိုင် ၂၀ ရက်နေ့ အထိ အလောင်း ၂၂ လောင်းသာ ရှာဖွေတူးဖော်ရရှိခဲ့သည်။
















