စက်ရုံဝန်ထမ်းများ သေဆုံးမှု၊ ရောဂါကြီးရရှိမှုများအတွက် ဆမ်ဆောင်းဝန်ထမ်းများ ကန့်ကွက်ဆန္ဒပြမှု အဆုံးသတ်

စက်ရုံဝန်ထမ်းများ သေဆုံးမှု၊ ရောဂါကြီးရရှိမှုများအတွက် ဆမ်ဆောင်းဝန်ထမ်းများ ကန့်ကွက်ဆန္ဒပြမှု အဆုံးသတ်

ဆမ်ဆောင်းကုမ္ပဏီ ဝန်ထမ်းတချို့  အလုပ်ခွင်ရှိ အခြေအနေများကြောင့် သေဆုံးခြင်းနှင့် အကြီးအကျယ် နေထိုင်မကောင်းဖြစ်ခြင်းတို့နှင့်ပတ်သက်၍ ဆမ်ဆောင်းဝန်ထမ်းများ ကန့်ကွက်ဆန္ဒပြမှုသည် ကုမ္ပဏီနှင့် ဝန်ထမ်းများကြား သဘောတူညီမှုရရှိခဲ့သောကြောင့် ဇူလိုင် ၂၄ ရက်တွင် အဆုံးသတ်ခဲ့ပြီဖြစ်သည်။

ဆမ်ဆောင်းကွန်ပျူတာချစ်ပ်နှင့် ဒစ်ပလေးစက်ရုံဝန်ထမ်းများကို ကိုယ်စားပြုသည့် ဘာနိုလင်အဖွဲ့နှင့် ဆမ်ဆောင်းကုမ္ပဏီတို့ကြား သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ နစ်နာကြေးကို လက်ခံမည်ဖြစ်ပြီး ကြားဝင် စေ့စပ်သူတစ်ဦး၏အကူအညီဖြင့် ကုမ္ပဏီ၏ တောင်းပန်မှုကို လာမည့်နှစ်အတွင်း အပြီးရေးဆွဲမည်ဖြစ်ကြောင်း နှစ်ဘက်စလုံးက ပြောဆိုခဲ့သည်။

ဆမ်ဆောင်းအဆောက်အအုံများရှေ့တွင် ဆန္ဒပြမှုများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဘာနိုလင်က ပြောဆိုခဲ့သည်။ စက်ရုံဝန်ထမ်းများ သေဆုံးမှုနှင့် နေထိုင်မကောင်းဖြစ်မှုများအတွက် နစ်နာကြေးပေးရန် တောင်းဆိုသည့်အနေဖြင့် ဘာနိုလင်အဖွဲ့ဝင်များသည် ဆမ်ဆောင်းအဆောက်အအုံများရှေ့တွင် သုံးနှစ်ကြာ ဆန္ဒထုတ်ဖော်ခဲ့သည်။

ယခုဖြစ်ရပ်ကြောင့် ကုမ္ပဏီအတွက် ဝင်ငွေများစွာရရှိစေသည့် ကွန်ပျူတာသုံးတစ်ပိုင်းလျှပ်ကူးပစ္စည်း( ဆဲမီးကွန်ဒတ်တာ)များထုတ်လုပ်သော စက်ရုံများတွင် နေ့ရောညပါအလုပ်လုပ်ကိုင်ရမှုကြောင့် ကျန်းမာရေး ထိခိုက်မှုရှိလာသည့် ဝန်ထမ်းများနှင့်ပတ်သက်၍ လူပိုမိုသိရှိလာခဲ့သည်။ ဆမ်ဆောင်းကွန်ပျူတာချစ်ပ်ပြားစက်ရုံ၌ လုပ်ကိုင်ပြီးနောက် ၂၀ဝ၇ ခုနှစ်တွင် သွေးကင်ဆာရောဂါဖြင့် သဆုံးခဲ့သည့် သမီးဖြစ်သူ ယုမီအတွက် ပေးအပ်ခဲ့သည့် နစ်နာကြေးကို လက်ခံခြင်းမရှိခဲ့သည့် အငှားယာဉ်မောင်း ဟွန်ဆန်ဂီက ဆမ်ဆောင်းဆန့်ကျင်ရေးလှုပ်ရှားမှုကိုစတင်ခဲ့ခြင်းဖြစ်သည်။ ယုမီသည် သေဆုံးချိန်တွင် အသက် ၂၃ နှစ်သာရှိသေးသည်။

ယုမီသေဆုံးမှုအတွက် တရားမျှတမှုရှာဖွေရာမှ ချစ်ပ်ပြားနှင့် ဒစ်ပလေးစက်ရုံများအတွင်း လုံခြုံရေး စံနှုန်းများ လျော့ရဲမှုများအတွက် အစိုးရနှင့် စီးပွားရေးလုပ်ငန်းများကို တာဝန်ခံခိုင်းရန် တောင်းဆိုမှုများ ကြီးမားလာခဲ့သည်။ ငွေနှင့် အာဏာမရှိသည့် အလုပ်သမားများ ဓာတုပစ္စည်းများနှင့်ထိတွေ့ရာမှ ရောဂါများဖြစ်ပြီး သေဆုံးခဲ့သည်မှာ ၁၀ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယင်းကိုဖြေရှင်းနိုင်ခြင်းမရှိသည့်အတွက် စိတ်မကောင်းဖြစ်စရာကောင်းလှကြောင်း ဟွန်ကပြောဆိုခဲ့သည်။

ဆမ်ဆောင်းစက်ရုံဝန်ထမ်း ၁၀ဝ ကျော်သည် သွေးကင်ဆာကဲ့သို့ ရောဂါများကိုခံစားခဲ့ရသော်လည်း ၎င်းတို့အနက် အနည်းငယ်ကိုသာ အစိုးရက အသိအမှတ်ပြုပြီး နစ်နာကြေးပေးအပ်ခဲ့သည်။

ဝန်ထမ်းများ၏တောင်းဆိုမှုကို တစ်စုံတရာကန့်ကွက်မှုမရှိဘဲ လက်ခံလိုက်ခြင်းသည် ဆမ်ဆောင်းအတွက် ခက်ခဲသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဆမ်ဆောင်းအီလက်ထရွန်နစ်လုပ်ငန်း၏ ဒုတိယဥက္ကဋ္ဌ ကင်ဆွန်ဆစ်ကပြောဆိုခဲ့သည်။