အုတ်ကလန်ဘူတာရုံ၌ လူမည်းညီအစ်မနှစ်ဦးကို ဓားဖြင့်ထိုးခဲ့သူဟု သံသယရှိသူ လူဖြူတစ်ဦးဖမ်းမိ

အုတ်ကလန်ဘူတာရုံ၌ လူမည်းညီအစ်မနှစ်ဦးကို ဓားဖြင့်ထိုးခဲ့သူဟု သံသယရှိသူ လူဖြူတစ်ဦးဖမ်းမိ

အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ အုတ်ကလန်ဘူတာရုံတွင် လူမည်းညီအစ်မနှစ်ဦးကို ဓားဖြင့်တိုက်ခိုက်ခဲ့၍ တစ်ဦးသေဆုံးစေခဲ့သူဟု သံသယရှိသည့် လူဖြူတစ်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဓားပြမှုဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရပြီး ခံဝန်ဖြင့် နေထိုင်သည့် အသက် ၂၇ နှစ်ရွယ် ဂျွန်ကောင်းဝဲလ်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၄င်းသည် နီယာဝီလ်ဆင်အမည်ရှိ အမျိုးသမီးကို သေဆုံးစေပြီ့း ၄င်း၏အစ်မကို ဒဏ်ရာရရှိစေခဲ့သည့် ဇူလိုင် ၂၂ ရက်ည တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူဟု ယုံကြည်ရသည်။

လူဖြူတစ်ဦးဖြစ်သည့် ကောင်းဝဲလ်ကို အုတ်ကလန်ဘူတာရုံမှ ၁၂ မိုင်ခန့်ဝေးသည့်နေရာတွင် ရောက်နေသည့် ရထားတစ်စင်းပေါ်တွင် ဇူလိုင် ၂၃ ရက်ညက ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ ဆန်ဖရန်စစ္စကိုပင်လယ်အော်ဒေသ၊ အုတ်ကလန်ဘူတာရုံတစ်ခုတွင် ဖြစ်ပွားခဲ့သည့် ယင်းတိုက်ခိုက်မှုတွင် တိုက်ခိုက်သူနှင့် တိုက်ခိုက်ခံရသည့် ညီအစ်မနှစ်ဦးတို့သည် သိကျွမ်းသူများ မဟုတ်ကြ၍ ကြုံရာကျပမ်းတိုက်ခိုက်မှုဖြစ်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ်သည်။

သံသယရှိသူသည် ညီအစ်မနှစ်ဦးနောက်သို့ ရောက်ရှိလာပြီး လည်ပင်းများကို ဓားဖြင့်တိုက်ခိုက်ခဲ့ရာ အကျဉ်းထောင်တွင်း တိုက်ခိုက်မှုကျူးလွန်လေ့ရှိသည့်ပုံစံဖြစ်ကြောင်း ပင်လယ်အော်ရဲတပ်ဖွဲ့အကြီးအကဲ ကာလို့စ်ရိုဂျာက ပြောဆိုသည်။

ယင်းတိုက်ခိုက်မှုသည် ကာလီဖိုးနီးယားလူထုကို တုန်လှုပ်စေခဲ့ပြီး လူဖြူလူမည်းမုန်းတီးစိတ်နှင့်ကျူးလွန်သည့် လူသတ်မှုဖြစ်မည်လောဟု ဝေဖန်ကြသည်။ သို့သော် ကောင်းဝဲလ်သည် လူဖြူကြီးစိုးရေးအုပ်စုဝင်ဖြစ်ကြောင်း အထောက်အထား မတွေ့ရှိရဟု ဆက်လက်စုံစမ်းနေကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။

ကောင်းဝဲလ်သည် ဓားပြမှုဖြင့်  ၂၀၁၆ တွင် ထောင်နှစ်နှစ်ကျခံခဲ့ရသူဖြစ်ပြီး ထောင်မှလွတ်ပြီး ခံဝန်ဖြင့်နေထိုင်ရသူဖြစ်သည်။  ကောင်းဝဲလ်အား ဖမ်းဆီးခဲ့သည် ဇူလိုင် ၂၃ ရက်တွင် လူ ၁၀ဝ၀ ကျော်တို့သည် အသတ်ခံရသူ ဝီလ်ဆင်အတွက် အောက်မေ့ဖွယ်အဖြစ် အုတ်ကလန်မြို့လယ်သို့ ချီတက်ဆန္ဒပြခဲ့ကြသည်။