ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူထဲတွင်ပိတ်မိပြီးနောက် ကယ်ဆယ်ခြင်းခံခဲ့ရသည့် ကျောင်းသားငယ် ၁၂ ဦးအနက် ၁၁ ဦးနှင့် နည်းပြတို့သည် ဇူလိုင် ၂၅ ရက်တွင် သာသနာ့ဘောင်ဝင်မည်ဖြစ်ကြောင်း အာဏာပိုင်များကပြောဆိုခဲ့သည်။
ဇူလိုင် ၂၄ ရက်တွင် ယောကျာ်းလေး ၁၁ ဦးနှင့် နည်းပြတို့သည် ဗုဒ္ဓဘာသာဆိုင်ရာအခမ်းအနားတစ်ခုတွင် ဝတ်ပြုဆုတောင်းခြင်းနှင့် အစားအစာများကို လှူဒါန်းခြင်းတို့ကိုပြုလုပ်ခဲ့သည်။ အသက် ၁၁ နှစ်မှ ၁၆ နှစ်ကြားအရွယ်ရှိ ယောကျာ်းလေး ၁၁ ဦးသည် ရှင်ပြုမည်ဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် နည်းပြသည် ပဉ္စင်းခံမည်ဖြစ်ကြောင်း ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူး ပါချွန်ပရတ်ဆာကူကပြောဆိုခဲ့သည်။ ယောကျာ်းလေး ၁၂ ဦးအနက် တစ်ဦးသည် ဗုဒ္ဓဘာသာဝင်မဟုတ်ချေ။
ရှင်ပြုရဟန်းခံပွဲကို ချင်းရိုင်ရှိ တောင်ပေါ်ဘုရားတစ်ဆူတွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းနောက်တွင် ထိုင်း-မြန်မာနယ်စပ်ထားရှိ ဝတ်ဖာသတ်ဒွိုင်ဝေါင်ဘုန်းတော်ကြီးကျောင်း၌ တစ်ပတ်ကြာ သီတင်းသုံးမည်ဖြစ်သည်။ ကျောင်းသားငယ်များနှင့် နည်းပြတို့ ဗုဒ္ဓ၏အဆုံးအမများနှင့်အညီ စိတ်ငြိမ်းချမ်းမှုရမည်ဟု မျှော်လင့်ပါကြောင်း ကျောင်းထိုင်ဘုန်းကြီး ဖရားခရူပရာယွတ်ယတ္တိယာနူခန်းကပြောဆိုခဲ့သည်။
ကျောင်းသားငယ်များသည် ကိုးရက်သာ သာသာနာ့ဘောင်ဝင်မည်ဖြစ်ပြီး ယင်းနောက်တွင် စာမေးပွဲအတွက် ကျောင်းပြန်တက်ရမည်ဖြစ်ကြောင်း အသက် ၁၄ နှစ်အရွယ် အဲကရတ်ဝမ်ဆတ်ချန်း၏မိခင် ကပြောဆိုခဲ့သည်။ သာသနာ့ဘောင်ဝင်သူ ၁၂ ဦးတို့သည် ၎င်းတို့ကို ကယ်တင်ရန် ကြိုးပမ်းရင်း သေဆုံးခဲ့သည့် ထိုင်းရေတပ်အထူးတပ်ဖွဲ့ဝင်ဟောင်း ဆာမန်ဂူနန်ကို အမျှအတန်းဝေမည်ဖြစ်သည်။
ယောကျာ်းလေး ၁၂ ဦးနှင့် နည်းပြတို့သည် ဂူထဲမှ ကယ်ထုတ်ခံရပြီး တစ်ပတ်ကျော်အကြာတွင် ဇူလိုင် ၁၈ ရက်တွင် ဆေးရုံမှဆင်းခဲ့သည်။ ၎င်းတို့သည် ဇူလိုင် ၂၃ ရက်မှစ၍ ဂူတွင်းပိတ်မိခဲ့ပြီး ဇူလိုင် ၂ ရက်တွင် ၎င်းတို့ကို ဗြိတိန်ရေငုပ်သမားနှစ်ဦးက တွေ့ရှိခဲ့ကာ ဇူလိုင် ၁၀ ရက်တွင် ကယ်ဆယ်ရေးပြီးဆုံးခဲ့သည်။
ကျောင်းသားငယ်များနှင့် နည်းပြတို့ကို ကယ်ဆယ်ရာတွင်ပါဝင်ခဲ့သည့် သြစတြေးလျနိုင်ငံသား ကိုးဦးတို့အား သြစတြေးလျနိုင်ငံ မြို့တော် ကင်ဘာရာ၌ ဇူလိုင် ၂၄ ရက်တွင် သတ္တိဆုများချီးမြှင့်ခဲ့သည်။ မေ့ဆေးပညာရှင် ရစ်ချတ်ဟားရစ်နှင့် ရေငုပ်သမား ခရေ့ချာလန်တို့အား သြစတြေးလျ၌ အရပ်သားများကို ပေးအပ်သည့် သတ္တိဆုများအနက် ဒုတိယအမြင့်ဆုံး သတ္တိကြယ်ဆုကို ချီးမြှင့်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်ခြောက်ဦးနှင့် ရေတပ်ရေငုပ်သမားတစ်ဦးတို့အား အခြားသတ္တိဆုများချီးမြှင့်ခဲ့သည်။




















