မရမ်းကုန်းမြို့နယ်တွင် စကားများရန်ဖြစ်စဉ် ဓားဖြင့်အချက်ပေါင်းများစွာထိုး၍ ထွက်ပြေးတိမ်းရှောင် သွားသူကို မြို့နယ်ရဲတပ်ဖွဲ့က ဇူလိုင် ၂၅ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၄ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်နေ ဒေါ်သန်းသန်းဝင်း သည် သင်္ဃန်းကျွန်းမြို့နယ်ရှိ မုန့်ဆိုင်တွင် အလုပ်လုပ်နေစဉ် ညီမဖြစ်သူကဖုန်းဖြင့်ဆက်သွယ်ကာ သားဖြစ်သူ ကျော်ထက်(ခ)ငချဲ(၂၂) နှစ် ဓားထိုးခံရပြီးဆေးရုံသို့ရောက်နေကြောင်း ဖုန်းဆက် ပြောသဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုခဲ့ရာ သေဆုံးသွားပြီဖြစ်သဖြင့် ရေခဲ တိုက် သို့ပို့ဆောင်ထားကြောင်း ပြောပြသိရှိခဲ့ရသည်ဟု ဆိုသည်။
စုံစမ်းချက်အရ မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက် စံပယ်ခြံ လမ်းတွင် သားဖြစ်သူနှင့် သီဟအောင်(ခ) ဘောင်း (စိစစ်ဆဲ)တို့ စကားများရန်ဖြစ်ခဲ့ပြီးနောက် ၄င်းက ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့ကြောင်း ပြောပြသိရှိခဲ့ခြင်းဖြစ်သည်။
မရမ်းကုန်းမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်သန်းဝင်း နှင့်အဖွဲ့က အလောင်းစစ်ဆေးချက်များအရ သေဆုံး သူတွင် ဝဲနို့အုံထိုးသွင်းဒဏ်ရာ၊ဝဲလက်ဖျံထိုးသွင်းဒဏ်ရာ၊ဝဲဘက်နံကြားထိုးသွင်း၊ဝဲလက်ပြင်ထိုးသွင်း၊ဝဲတံတောင်ထိုးသွင်းဒဏ်ရာများရရှိသေဆုံးခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ အမှုဖြင့်တိမ်းရှောင်နေသူ သီဟအောင်(ခ)ဘောင်း(၂၄)နှစ် ကို မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်မှုဖြင့်ပူးပေါင်းအဖွဲ့က ဇူလိုင် ၂၅ နံနက် ၃ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ် အောင်မင်္ဂလာအဝေးပြေး ကား ဂိတ်ကားကြီးများညအိပ်ထားရာကားအောက်တွင် ပုန်းရှောင်နေစဉ် ဖမ်းဆီးရမိခဲ့သည်။ မရမ်းကုန်းနယ်မြေရဲစခန်းက(ပ)၆၁၃/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထား သည်။

















