လာအိုနိုင်ငံတွင် ဇူလိုင် ၂၃ ရက်နှောင်းပိုင်းက ဆည်ကျိုးမှုကြောင့် ကျေးရွာအများအပြား ရေဖုံးလွှမ်းပြီး လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကာ ပျောက်ဆုံးသူများကို ရှာဖွေကယ်ဆယ်ရေးများ သက်ဆိုင်ရာက အပူတပြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူ ၁၀ဝ ထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ပြီး လူ ၆၆၀ဝ ခန့် နေအိမ်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ ရေလွှမ်းခံရွာများတွင် ပိတ်မိနေသူများကို ကယ်ဆယ်ရန် ဆည်ကျိုးပေါက်ရာ အတာပူပြည်နယ် တာဝန်ရှိသူများက ရဟတ်ယာဉ်များ၊ လှေများသုံးကာ ကြိုးပမ်းလျက်ရှိသည်။ ကျိုးပေါက်ခဲ့သော ဆည်သည် ဇီပန်းဇီနမ်နွိုင် ရေအားလျှပ်စစ်ဆည် စီမံကိန်းထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဆည်ဖြစ်သည်။ ထိုရေအားလျှပ်စစ် စီမံကိန်းကို လာအို၊ ထိုင်းနှင့် တောင်ကိုရီးယားတို့ ပူးပေါင်းဖော်ဆောင်နေခြင်းဖြစ်သည်။
ကျိုးပေါက်ခဲ့သော ဆည်သည် အရန်ဆည်တစ်ခုဖြစ်သည်။ ဇီပန်းဇီနမ်နွိုင် ရေအားလျှပ်စစ်ဆည် ကွန်ရက်စီမံကိန်းတွင် ပင်မဆည် နှစ်ခု၊ အရန်ဆည် ငါးခုပါဝင်သည်။ ဆည်စီမံကိန်းသည် ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး လာမည့်နှစ်က စတင်ကာ စီးပွားဖြစ် ရေအားလျှပ်စစ်ထုတ်လုပ်ရန် စီစဉ်ထားသည်။ ဆည်ကျိုးမည့်တစ်ရက်အလို ဇူလိုင် ၂၂ ရက်ကတည်းက ဆည်တွင် အက်ကြောင်းများ စတင်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ဆောက်လုပ်ရေးကုမ္ပဏီဖြစ်သော အက်စ်ကေ အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးလုပ်ငန်းက ပြောသည်။
လာအိုသည် ပြီးခဲ့သည့်နှစ်ပိုင်းများတလျှောက် ရေအားလျှပ်စစ်လုပ်ငန်းတွင် အဓိကရင်းနှီးမြှုပ်နှံလျက်ရှိပြီး ပို့ကုန်တန်ဖိုး ၃၀ ရာခိုင်နှုန်းသည် ရေအားလျှပ်စစ်ပို့ကုန်ဖြစ်သည်။ ၂၀၂၀ ခုနှစ်ရောက်လျှင် ရေအားလျှပ်စစ်ပို့ကုန်ပမာဏကို လက်ရှိထက် နှစ်ဆတိုးရန်လည်း လာအိုအစိုးရက စီစဉ်ထားပြီး "အရှေ့တောင်အာရှ ဓာတ်အားဗဟိုချက်" ဖြစ်လာရေး ရည်မှန်းထားသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူများကမူ ရေအားလျှပ်စစ်စီမံကိန်းများကြောင့် လာအို မြစ်ချောင်းစနစ်များ ထိခိုက်ကာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ ရှိလာနိုင်ကြောင်း သတိပေး ထောက်ပြလျက်ရှိသည်။



















