အိပ်ချ်အိုင်ဗွီကူးစက်မှုသံသရာဖြတ်တောက်ရေး မင်းသားဟာရီနှင့် အယ်လ်တန်ဂျွန် လက်တွဲမည်

အိပ်ချ်အိုင်ဗွီကူးစက်မှုသံသရာဖြတ်တောက်ရေး မင်းသားဟာရီနှင့် အယ်လ်တန်ဂျွန် လက်တွဲမည်

အိပ်ချ်အိုင်ဗွီပိုးကူးစက်မှုသံသရာကို ဖြတ်တောက်နိ်ုင်ရေးအတွက် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံအသုံးပြုပြီး လှုပ်ရှားလုပ်ဆောင်မည့် အစီအစဉ်တစ်ခုကိိုဖော်ဆောင်ရာတွင် ဗြိတိန်ရှိ တော်ဝင်မင်းသားဟာရီနှင့် ရော့ခ်အဆိုတော် အယ်လ်တန်ဂျွန်တို့ လက်တွဲဆောင်ရွက်မည်ဖြစ်သည်။

ဗိုင်းရပ်စ်နှင့်ပတ်သက်သော အမြင်မှားများကို ဖျောက်ဖျက်ပြီး မျိုးဆက်သစ်ကိုကာကွယ်ရန် မင်းသားဟာရီနှင့် အယ်လ်တန်ဂျွန်တို့က နယ်သာလန်နိုင်ငံမြို့တော် အမ်စတာဒမ်၌ ပြုလုပ်နေသည့် နိုင်ငံတကာအေ့စ်ဒ်ရောဂါညီလာခံ ဒုတိယနေ့ဖြစ်သည့် ဇူလိုင် ၂၄ ရက်တွင် တောင်းဆိုခဲ့သည်။ လူငယ်လူရွယ်များတွင် အိပ်ချ်အိုင်ဗွီပိုးကူးစက်မှု ကျဆင်းသွားခြင်း မရှိဘဲ ကူးစက်မှု ပိုမိုများပြားလာနေကြောင်း အေစ်ဒ်ရောဂါတိုက်ဖျက်ရေးလှုပ်ရှားသူ အယ်လ်တန်ဂျွန်က MenStar Coalition လှုပ်ရှားမှုစတင်သည့် အခမ်းအနားတွင် ပြောဆိုခဲ့သည်။

လှုပ်ရှားမှုတွင် ကုလသမဂ္ဂလက်အောက်ရှိ Unitaid နှင့်အမေရိကန်ပြည်ထောင်စုရှိ PEPFAR တို့ပါဝင်နေသည်။ အသက် ၂၄ မှ ၃၅ နှစ်ကြား အမျိုးသားများကြား အိပ်ချ်အိုင်ဗွီကူးစက်ခံထားရခြင်းရှိမရှိ စစ်ဆေးမှှုုနှုန်းနှင့် ကူးစက်ခံထားရပါက ကုသမှုခံယူမှုနှုန်း လက်မခံနိုင်လောက်အောင် နည်းပါးနေကြောင်း ဂျွန်ကပြောဆိုခဲ့သည်။

အေ့စ်ဒ်ရောဂါဖြစ်ပွားမှုကို တစ်ခါတည်းနှင့် အပြတ်တိုက်လိုပါက ယင်းတိုက်ပွဲတွင် အမျိုးသားများကိုပါထည့်သွင်းရမည်ဖြစ်ပြီး အမျိုးသားများ ၎င်းတို့ကိုယ်၎င်းတို့ ကာကွယ်နိုင်အောင် တိုက်တွန်းရမည်ဖြစ်ကြောင်း ဂျွန်ကပြောဆိုခဲ့သည်။ အေ့စ်ဒ်ရောဂါညီလာခံသို့ သုတေသနပညာရှင်များ၊ လှုပ်ရှားသူများနှင့် အိပ်ချ်အိုင်ဗွီကူးစက်ခံထားရသူများအပါအဝင် လူ ၁၅၀ဝ၀ ခန့် တက်ရောက်ခဲ့သည်။ ယခုလှုပ်ရှားမှုကို အယူအစွဲမှားများပြင်အောင် လုပ်ဆောင်ခြင်းဖြင့် စတင်ရမည် ဖြစ်ကြောင်း ဆက်ဆပ်စ်မြို့စား မင်းသားဟာရီကပြောဆိုခဲ့သည်။

အမျိုးသမီးငယ်များကြား အိပ်ချ်အိုင်ဗွီကူးစက်မှုနှုန်း မြင့်တက်လာနေသောကြောင့် ပြဿနာ၏အရင်းအမြစ်ကို ရှာဖွေသည့်အနေဖြင့် အိပ်ချ်အိ်ုင်ဗွီကူးစက်ခံရမည်ကို စိုးရိမ်ရသည့် လူငယ်အမျိုးသားများကို ပစ်မှတ်ထားကာ ပညာပေးမှု ပြုလုပ်ရမည်ဖြစ်ကြောင်းလည်း ၎င်းကပြောဆိုခဲ့သည်။