တရုတ်တွင် ဖေ့စ်ဘွတ်ခ်ရုံး တရားဝင်ဖွင့်ရန် ဖေ့စ်ဘွတ်ခ် ပြင်ဆင်

တရုတ်တွင် ဖေ့စ်ဘွတ်ခ်ရုံး တရားဝင်ဖွင့်ရန် ဖေ့စ်ဘွတ်ခ် ပြင်ဆင်

ဖေ့စ်ဘွတ်ခ်ကို ပိတ်ပင်ထားသော တရုတ်နိုင်ငံ ဈေးကွက်သို့ တရားဝင် ဝင်ရောက်နိုင်ရေး ခြေလှမ်းအဖြစ် ဖေ့စ်ဘွတ်ခ်သည် တရုတ်တွင် ရုံးဖွင့်ခွင့် လိုင်စင်ရရှိပြီဖြစ်ကြောင်း သိရသည်။

တရုတ် နည်းပညာဖန်တီးသူများ၊ ဆော့ဖ်ဝဲရေးသားသူများ၊ နည်းပညာစွန့်ဦးတီထွင်လုပ်ငန်းများ ဖွံ့ဖြိုးရေး အထောက်အကူပေးမည့် ဗဟိုစင်တာအဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ပြောကြားသည်။

ပြင်သစ်၊ ဘရာဇီး၊ အိန္ဒိယ၊ တောင်ကိုရီးယားတို့တွင်လည်း ဖေ့စ်ဘွတ်ခ်သည် အလားတူ စင်တာများ ဖွင့်လှစ်ထားရှိသည်။ တရုတ်ရှိ စင်တာသည်လည်း အခြားသော စင်တာများနည်းတူ နည်းပညာသမားများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို လေ့ကျင့်သင်တန်းပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးခြင်းဖြင့် အရည်အသွေး မြှင့်တင်ပေးရန် ရည်ရွယ်ကြောင်း ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံတွင် စင်တာ စတင်ဖွင့်လှစ်ဖြစ်မည်ဆိုပါက ဖေ့စ်ဘွတ်ခ်အဖို့ တရုတ်နိုင်ငံအတွင်း ပထမဆုံးရုံး ဖြစ်လာမည်။ တရုတ်တွင် ဖေ့စ်ဘွတ်ခ် ဝန်ဆောင်မှု ခွင့်ပြုချက်ရရှိရေးအတွက်လည်း ဖေ့စ်ဘွတ်ခ် ထူထောင်သူ မာ့ခ် ဇူကာဘတ်သည် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းလျက်ရှိပြီး မန်ဒရင်း ဘာသာစကားကိုပင် သင်ယူလျက်ရှိသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဆိုရှယ်မီဒီယာဈေးကွက်အကြီးဆုံးနိုင်ငံဖြစ်သည့်တိုင် တွစ်တာ၊ ဖေ့စ်ဘွတ်ခ်၊ ယူကျုစသည့် နိုင်ငံတကာ ဆိုရှယ်မီဒီယာများကို ပိတ်ပင်ထားပြီး ပြည်တွင်းဖြစ် ဝေပို၊ ရန်ရန်၊ ယူကူ စသည့် အစိုးရက စောင့်ကြည့်ထိန်းချုပ်ထားသော ဆိုရှယ်မီဒီယာများသာ အသုံးပြုခွင့်ပေးထားသည်။

တရုတ်နိုင်ငံ လုပ်ငန်းများ သတင်းအချက်အလက်ဌာန စာရင်းများအရ ဖေ့စ်ဘွတ်ခ်သည် တရုတ်တောင်ပိုင်း ဟန်ကျိုးမြို့တွင် မှတ်ပုံတင်ထားပြီး ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ သန်း ၄၀ အသုံးပြုထားကြောင်း သိရသည်။ သို့သော် နောက်ပိုင်းတွင် ဌာနက ဖေ့စ်ဘွတ်ခ်နာမည်ကို စာရင်းမှ ပြန်ဖြုတ်ထားသည်ကို တွေ့ရသဖြင့် အငြင်းပွားစရာများ ရှိနေသောကြောင့် ဖြစ်နိုင်ကြောင်းလည်း နယူးယောက်တိုင်းမ် သတင်းက ဖော်ပြထားသည်။