အမေရိကန်နှင့် တရုတ်အပါအဝင် အခြားနိုင်ငံများအကြား ကုန်သွယ်ရေးစစ်ပွဲဟု ခေါ်ဆိုသည့် အခွန်အငြင်းပွားမှုများကြောင့် ထိခိုက်နစ်နာသည့် အမေရိကန်လယ်သမားကိုကူညီရန် အရေးပေါ်ရန်ပုံငွေ ဒေါ်လာ ၁၂ ဘီလီယံ ပံ့ပိုးမည်ဖြစ်ကြောင်း သမ္မတထရမ့်အစိုးရက ကြေညာခဲ့သည်။
သို့သော် ယင်းကြေညာချက်ကို စိုက်ပျိုးရေးဒေသများမှ ရီပတ်ဘလီကန်အချို့က လျင်မြန်စွာပယ်ချခဲ့ပြီး ၄င်းတို့သီးနှံများအတွက် ထိုက်တန်သည့် ဈေးကွက်များသာ ရရှိလိုကြောင်း ပြောဆိုခဲ့သည်။ ကွန်ဂရက်လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပခါနီး အစိုးရ၏ကြေညာချက်က အခွန်ပြသနာကြောင့် ထိခိုက်နေသည့်လယ်သမားများ၏မဲများ ဆုံးရှုံးနစ်နာမည်ကို စိုးရိမ်နေကြောင်း သုံးသပ်ကြသည်။
ယင်းအစီအစဉ်သည် ယာယီသာဖြစ်ကြောင်း၊ အခွန်ကိစ္စညှိနှိုင်းရန် အချိန်များစွာရှိသေးကြောင်း စိုက်ပျိုးရေးဝန်ကြီး ဆန်နီပါဒူးက ပြောဆိုခဲ့ပြီး မဲမရမည်စိုး၍လုပ်ဆောင်သည်ဆိုခြင်းကို ပယ်ချခဲ့သည်။ အစီအစဉ်အရ အခွန်ကြောင့် အထိနာသည့် ပဲပိစပ်ထုတ်လုပ်သူများကဲ့သို့သူများကို တိုက်ရိုက်ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ စိုက်ပျိုးသူများထံမှ သီးနှံများ အစိုးရကဝယ်ယူခြင်းတို့ပါဝင်သည်။
စိုက်ပျိုးရေးဌာန၏ ထုတ်ပြန်ချက်ထွက်ပေါ်လာချိန်တွင် သမ္မတထရမ့်သည် စစ်ပြန်ညီလာခံတစ်ရပ် တက်ရောက်ရန် ကင်းဆက်စီးတီးသို့ ရောက်ရှိနေပြီး စိုက်ပျိုးရေးကိစ္စ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။ ယင်းညီလာခံတွင် ထရမ့်က အိုဘားမားခေတ် အီရန်နျူကလီးယားအစီအစဉ်နှင့်မတူညီသည့် သဘောတူညီချက်တစ်ရပ် ရယူရန် အသင့်ရှိကြောင်းသာ ပြောဆိုခဲ့သည်။

















