ပါကစ္စတန် အထွေထွေရွေးကောက်ပွဲ ဗုံးပေါက်ကွဲ

ပါကစ္စတန် အထွေထွေရွေးကောက်ပွဲ ဗုံးပေါက်ကွဲ

အစ္စလမ္မာဘတ် ” ပါကစ္စတန်နိုင်ငံ၏ အနောက်တောင်ဘက်ရှိ မြို့ကြီးဖြစ်သော ကွတ်တားမြို့တွင် လူများစုဝေးနေသည့် မဲရုံ တစ်ရုံ အပြင်ဘက်၌ အသေခံဗုံးဖောက်ခွဲရေး သမားတစ်ဦးက ဗုံးခွဲခဲ့ရာ ဇူလိုင် ၂၅ ရက်တွင်နိုင်ငံ၏ တတိယအကြိမ်မြောက် အရပ်သားအစိုးရအဖွဲ့အတွက် အထွေထွေရွေးကောက်ပွဲတွင် မဲထည့်ရန် လာရောက်ကြသည့် မဲဆန္ဒရှင်များအနက် ၃၁ ဦး သေဆုံးခဲ့သည်။

 

ဘလူချီစတန်ပြည်နယ်၏ မြို့တော် ကွတ်တားမြို့ တိုက်ခိုက်မှု၌ ၃၅ ဦး ဒဏ်ရာ ရရှိပြီး အတော်များများမှာ အသက်အန္တရာယ် နှင့်ရင်ဆိုင်နေရသည့် အခြေအနေတွင်ရှိသဖြင့် သေဆုံးသူဦးရေ တိုးလာနိုင်ဖွယ် ရှိကြောင်း ဆေးရုံအရာရှိ ဆရာဝန်တစ်ဦး ဖြစ်သူ ဂျဖားကာကာက ပြောကြားခဲ့သည်။

စောစောပိုင်းကလည်း ဘလူချီစတန် ပြည်နယ် တာဘက်ခရိုင်တွင် ရွေးကောက်ပွဲ ဝန်ထမ်းများနှင့် မဲရုံပစ္စည်းများကို ပို့ဆောင် ရာတွင် လုံခြုံရေးလိုက်လာသော စစ်ယာဉ် တန်းအား စစ်သွေးကြွများက လက်ပစ်ဗုံးများ၊ သေနတ်များဖြင့် ပစ်ခတ်ရာ စစ်သည်လေးဦး ကျဆုံးခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်၏ မေတ္တာရပ်ခံချက်အရ ပါကစ္စတန် စစ်တပ်က အင်အား ၃၅၀,ဝ၀ဝ ကို တစ်နိုင်ငံလုံးအနှံ့ လုံခြုံရေးချထားသည်။

ဇူလိုင် ၂၅ ရက်က ရွေးကောက်ပွဲတွင် ဦးဆောင်နေသည့် သမ္မတလောင်းမှာ ခရစ်ကက် အားကစားသမား အကျော်အမော်ဟောင်း အမ်မရမ်ခန် ဖြစ်သည်။ သူ၏ပါတီမှာ ဗဟိုလက်ယာဝါဒီ ပါကစ္စတန် တေရက်အီ အင်ဆက်ဖ်ပါတီ (PTI) ဖြစ်သည်။

ဒုတိယ ဦးဆောင်နေသည့်ပါတီမှာ ဗဟို လက်ယာယိမ်း ပါကစ္စတန် မွတ်စလင်လိဒ် ဖြစ်ပြီး ယခုအခါ ထောင် ၁၀ နှစ်ကျနေသည့် ဝန်ကြီးချုပ်ဟောင်း နာဝပ် ရှရစ်ဖ်၏ ပါတီ ဖြစ်သည်။ လက်ရှိအခြေအနေတွင် သူ၏ ညီဖြစ်သူ ရှာဗက် ရှရစ်ဖ်က ဦးဆောင်လျက် ရှိသည်။ တတိယ အင်အားအကောင်းဆုံး ပါတီမှာ ပါကစ္စတန် တာလီဘန် စစ်သွေးကြွများ၏ လုပ်ကြံမှုဖြင့် သေဆုံးခဲ့ရသောဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို၏သားဘီလားဝါလ် ဘူတို့ဦးဆောင်သည့် လက်ဝဲယိမ်း ပါကစ္စတန်ပြည်သူ့ပါတီ ဖြစ်သည်။

ရွေးကောက်ပွဲအရာရှိများ အဆိုအရ ပါကစ္စတန်နိုင်ငံ၏ ဥပဒေပြုရေး ပါလီမန် အောက်လွှတ်တော်အတွက် အမတ်နေရာ ၂၇၀ နှင့် ပြည်နယ်လွှတ်တော် လေးခုအတွက်အမတ် ၅၇၇ နေရာအတွက် ကိုယ်စားလှယ်လောင်း ၁၁,ဝ၀ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။ တစ်နိုင်ငံလုံးတွင် မဲရုံ ပေါင်း ၈၅,၃၀၇ ရုံကို ဇူလိုင် ၂၅ ရက် နံနက် ၈ နာရီတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၀၅ ဒသမ ၉၆ သန်းရှိပြီး အမျိုးသား ၅၉ ဒသမ ၂၂ သန်းနှင့် အမျိုးသမီး ၄၆ဒသမ ၇၃ သန်းရှိသည်။ လက်ရှိအခြေအနေတွင် အတိုက်အခံခေါင်းဆောင် အမ်မရမ်ခန်ကို နောက်တက်မည့် ဝန်ကြီးချုပ်အဖြစ် ထင်ကြေးပေးထားကြသည်။