အာဂျင်တီးနား၌ အမျိုးသမီးများ တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ပေးရေး တောင်းဆိုဆန္ဒပြ

အာဂျင်တီးနား၌ အမျိုးသမီးများ တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ပေးရေး တောင်းဆိုဆန္ဒပြ

အာဂျင်တီးနားနိုင်ငံမြို့တော် ဗြူနိုအေးရီးစ်၌ ဇူလိုင် ၂၅ ရက်တွင် အနီရောင်ဝတ်ရုံရှည်ဝတ်ဆင်ပြီး မေးသိုင်းကြိုးတပ် ဦးထုပ်အဖြူများဝတ်ဆင်ထားသည့် ဆန္ဒပြသူများသည် တရားဝင်ကိုယ်ဝန်ဖျက်ခွင့်ရရှိရေးအတွက် ချီတက်တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူများသည် စာရေးဆရာမကြီး မားဂရက်အက်ဝုဒ်၏ ခေတ်ပျက်အခြေအနေဝတ္ထုတစ်အုပ်ဖြစ်သည့် The Handmaid's Tale ဝတ္ထုနှင့် ယင်းဝတ္ထုကိုအခြေခံပြီး ရုပ်သံဇာတ်လမ်းတွဲအဖြစ် အသက်သွင်းထားသည့် အမည်တူဇာတ်လမ်းတွဲများပါအဝင် ဇာတ်ဆောင်များဝတ်ဆင်ရသည့် ဝတ်ရုံများကို ဝတ်ဆင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒပြသူများသည် ဗြူနိုအေးရီးစ်ရှိ လမ်းမများတစ်လျှောက်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သော်လည်း ခေါင်းများကို ငုံ့ထားပြီး တိတ်ဆိတ်စွာလမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြသူများအနက် တစ်ဦးက စာရေးဆရာမကြီးမားဂရက်အက်ဝုဒ်၏ပေးစာတစ်စောင်ကို ဖတ်ပြခဲ့သည်။ အာဂျင်တီးနားရှိ တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ရရေးအတွက် လှုပ်ရှားမှုကို ဦးဆောင်နေသည့် အမျိုးသမီးအရေးလှုပ်ရှားမှုအဖွဲ့များအား စာရေးဆရာမကြီးက ထောက်ခံထားသည်။

"စိတ်ချလုံခြုံမှုရှိသည်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ဘယ်သူကမှ ကိုယ်ဝန်ဖျက်ချချင်ကြတာမဟုတ်ဘူး၊ စနေနေ့ညလို ပျော်ရွှင်စရာကောင်းတဲ့အခါမျိုးမှာ ဘယ်အမျိုးသမီးကမျှ ကိုယ်ဝန်ဖျက်ချချင်ကြမှာမဟုတ်ဘူး၊ ဒါပေမဲ့ တရားမဝင်ကိုယ်ဝန်ဖျက်ချမိလို့ ရေချိုးခန်းထဲမှာ သွေးအလိမ်းလိမ်းနဲ့ သေလုနီးပါးကြုံရတာကိုလည်း ဘယ်သူမှ လိုလားမှာမဟုတ်ဘူး၊ ဘာလုပ်ကြမလဲ"ဟု ကနေဒါနိုင်ငံသူ စာရေးဆရာမကြီးကပြောဆိုခဲ့သည်။

ကိုယ်ဝန်ရှိပြီး ပထမရက်သတ္တပတ် ၁၄ ပတ်အတွင်း သတ်မှတ်ထားသော အခြေအနေများနှင့် ကိုက်ညီပါက ကိုယ်ဝန်ဖျက်ချခွင့်ပေးကြောင်း အတည်ပြုသည့် ဥပဒေကြမ်းကို အာဂျင်တီးနားအောက်လွှတ်တော်က အတည်ပြုပေးခဲ့ပြီးဖြစ်သည်။ ယင်းဥပဒေကြမ်းနှင့်ပတ်သက်၍ အထက်လွှတ်တော်တွင်း သြဂုတ် ၈ ရက်တွင် မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။ ကိုယ်ဝန်ဖျက်ချခြင်းကို ဆန့်ကျင်သော်လည်း ဥပဒေကြမ်းကို အတည်ပြုခဲ့ပါက ဗီတိုအာဏာဖြင့် ပယ်ချမည်မဟုတ်ကြောင်း သမ္မတ မော်ရီလျှို မာခရီကပြောဆိုခဲ့သည်။

The Handmaid's Tale ဝတ္ထုတွင် အမျိုးသမီးများ၏အခွင့်အရေးကို လုံးဝပိတ်ပင်သည့် အနာဂတ်ကိုရေးသားဖော်ပြထားသည်။ ၂၀၁၈ ခုနှစ် အမ်မီဆုချီးမြှင့်ပွဲတွင် ရုပ်သံဇာတ်လမ်းတွဲသည် ဆုအမျိုးအစား ၂၀ ခန့်အထိ အမည်စာရင်းတင်သွင်းခံခဲ့ရသည်။

ယခုနှစ်အစောပိုင်းတွင် စာရေးဆရာမကြီး အက်ဝုဒ်သည် အာဂျင်တီးနားဒုတိယသမ္မတ ဂေဘရီလာမီရှက်တီနှင့် လူသိရှင်ကြား အငြင်းပွားခဲ့သည်။ တရားမဝင်ကိုယ်ဝန်ဖျက်ချမှုကြောင့် နှစ်စဉ်အမျိုးသမီးထောင်ပေါင်းများစွာသေဆုံးနေသည်ကို လျစ်လျူမရှုထားသင့်ကြောင်း၊ အာဂျင်တီးနားအမျိုးသမီးများကိုလွတ်လပ်စွာရွေးချယ်ခွင့်ပေးသင့်ကြောင်း အက်ဝုဒ်က မီရှက်တီအား တွစ်တာမှတစ်ဆင့်ပြောဆိုခဲ့သည်။