၁၉၉၅ ခုနှစ်တွင် တိုကျိုရှိ မြေအောက်ရထားပေါ်၌ ဆာရင်အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခဲ့သည့် အစွန်းရောက်ဂိုဏ်း၏နောက်ထပ်အဖွဲ့ဝင် ခြောက်ဦးကို ဇူလိုင် ၂၆ ရက်တွင် အဆုံးစီရင်လိုက်ပြီဖြစ်သည်။
သေဒဏ်ကျခံရန်ရှိနေသည့် အွမ်ရှင်ရီကျိုဂိုဏ်းဝင်ခြောက်ဦးကို အဆုံးစီရင်လိုက်ပြီဖြစ်ကြောင်း တရားရေးဝန်ကြီး ယိုကိုကာမီကာဝက အတည်ပြုပြောဆိုခဲ့သည်။ ဂိုဏ်းခေါင်းဆောင် ရှိုကိုအဆာဟာရနှင့် ဂိုဏ်းဝင်ခြောက်ဦးတို့အား ယခုလအစောပိုင်းတွင် ကြိုးပေးကွပ်မျက်ခဲ့ပြီးဖြစ်သည်။
ဂိုဏ်းဝင် ၁၃ ဦးတို့ကို ကြိုးပေးခဲ့ပြီးဖြစ်သောကြောင့် ယခုအမှုသည် ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှုအရအဆုံးသတ်သွားပြီဖြစ်သော်လည်း တိုက်ခိုက်ခံခဲ့ရသူများနှင့် ကျန်ရစ်သူမိသားစုဝင်များအတွက်မူ နာကျင်မှုကျန်ရှိနေဆဲဖြစ်ကြောင်း တိုက်ခိုက်မှုအတွင်း ခင်ပွန်းဖြစ်သူ ဆုံးရှုံးခဲ့ရသည့် ရှီဇူအဲတာကာဟာရှီကပြောဆိုခဲ့သည်။
ဂျပန်ဧကရာဇ်ဘုရင် လာမည့်နှစ်တွင် နန်းမစွန့်မီတွင် သေဒဏ်ကျခံရန်စောင့်ဆိုင်းနေသည့် အစွန်းရောက်ဂိုဏ်းဝင်အားလုံးကို အဆုံးစီရင်ရန် အာဏာပိုင်များက အလိုရှိနေကြောင်း မီဒီယာများကဖော်ပြခဲ့သည်။ အွမ်ဂိုဏ်းက တိုကျိုမြေအောက်ရထားစနစ်တွင် ဆာရင်အဆိပ်ဓာတ်ငွေ့ဖြင့်တိုက်ခိုက်မှုကြောင့် လူ ၁၃ ဦး သေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။
တိုက်ခိုက်မှုကြောင့် မြို့တော် တိုကျို၌ စိုးရိမ်ကြောက်လန့်မှုများကြီးမားလာခဲ့ပြီး ယင်းနောက်တွင် အာဏာပိုင်များသည် ဖူဂျီတောင်ခြေရှိ ဂိုဏ်းရုံးချုပ်ကိုဝင်ရောက်စီးနင်းခဲ့သည်။ ရုံးချုပ်တွင် လူသန်းပေါင်းများစွာကို သတ်ဖြတ်နိုင်စွမ်းရှိသည့် အဆိပ်ဓာတ်ငွေ့ထုတ်စက်ရုံတစ်ရုံကိုလည်း တွေ့ရှိခဲ့သည်။
တိုကျိုတိုက်ခိုက်မှုမတိုင်မီတွင် အုမ် ရှင်န်ရီကျိုဂိုဏ်းသည် မတ်ဆုမိုတိုမြို့၌လည်း ဆာရင်အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သေးသည်။ ဥပဒေအရာရှိများက ရာဇဝတ်မှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေသောကြောင့် ဂိုဏ်းဝင် ၁၃ ဦးတို့အား သေဒဏ်ချမှတ်ထားသော်လည်း စီရင်ခြင်းမပြုဘဲထားခဲ့သည်။ အုမ် ဂိုဏ်းဝင်များကို အဆုံးစီရင်လိုက်ပါက အခြားအစွန်းရောက်များက ၎င်းတို့ကို အာဇာနည်များအဖြစ် သတ်မှတ်လိုက်မည်ကို စိုးရိမ်မှုများရှိခဲ့သည်။
ဂိုဏ်းခေါင်းဆောင် အဆာဟာရသည် ၁၉၈၀ ပြည့်နှစ်များတွင် ဂိုဏ်းကိုတည်ထောင်ခဲ့ပြီး ဓာတုပစ္စည်းများကိုထုတ်လုပ်ပေးခဲ့သည့် ဆရာဝန်များနှင့် အင်ဂျင်နီယာများအပါအဝင် နောက်လိုက်နောက်ပါ ၁၀ဝ၀ဝ ခန့်ရှိခဲ့သည်။ အုမ်ဂိုဏ်းကို ဖြိုခွင်းမှုပြုလုပ်ခဲ့သော်လည်း ဂိုဏ်းကိုတရားဝင်ပိတ်ပင်ခြင်းမပြုခဲ့ချေ။
အုမ်ဂိုဏ်းသည် အဆာဟာရအား ၂၀ဝ၀ ပြည့်နှစ်တွင် ဂိုဏ်းဝင်အဖြစ်မှ ဖယ်ရှားခဲ့ပြီး ဂိုဏ်းအမည်ကို အလက်ဖ်ဟု အမည်ပြောင်းလဲခဲ့သည်။

















