မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက် စမ်းသပ်သော အဓိက စခန်းတစ်ခုကို စတင် ဖျက်သိမ်းလျက်ရှိကြောင်း ဂြိုဟ်တုမှတစ်ဆင့် ရိုက်ကူးထားသော ဓာတ်ပုံများအရသိရသည်။ ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်အထိ ဂြိုဟ်တုမှတစ်ဆင့် ရိုက်ကူးခဲ့သော ဓာတ်ပုံများအရ မြောက်ကိုရီးယားနိုင်ငံက ၎င်း၏ ဆိုဟဲ ဂြိုလ်တုလွှင့်တင်ရေး စခန်းကို စတင်ဖျက်သိမ်းလျက်ရှိသည်။ အဆိုပါ အဓိကဂြိုဟ်တု လွှင့်တင်ရေးစခန်းကို ၂၀၁၂ ခုနှစ် ပြီးနောက် ထင်ရှားသော အဓိက ဒုံးကျည်စမ်းသပ်ရေးစခန်းတစ်ခုဖြစ်လာကြောင်း မြောက်ကိုရီးယား စောင့်ကြည့် လေ့လာရေးအုပ်စု ]၃၈ မြောက်} က ထုတ်ပြန်ခဲ့သော စိစစ်ချက်အရ သိရသည်။
ဂြိုဟ်တုလွှင့်တင်ရေးစခန်းတွင် အာကာသယာဉ် လွှင့်တင်သည့်စင်နှင့် ပဲ့ထိန်းဒုံးကျည်နှင့် အာကာသယာဉ်များအတွက် လောင်စာအင်ဂျင် တည်ဆောက်ရာ ဒုံးကျည် အင်ဂျင်စမ်းသပ်သော နေရာပါရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါ ဂြိုဟ်တုလွှင့်တင်ရေးစခန်း ဖျက်သိမ်းမှုသည် ဇွန် ၁၂ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံခဲ့ပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း၏ ပထမအကြိမ် ဆောင်ရွက်သည့် အရေးကြီးဆုံးလှုပ်ရှားမှုတစ်ခုဖြစ်သည်။
"အဆိုပါ စခန်းများက မြောက်ကိုရီးယားနိုင်ငံ၏ တိုက်ချင်းပစ်ဒုံးကျည် ထုတ်လုပ်ရေးအစီအစဉ် နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးဆုံး အခန်းကဏ္ဍတွင် ပါဝင်နေသည်" ဟု အဆိုပါ စိစစ်သုံးသပ်ချက်တွင် ဖော်ပြရေးသားထားသည်။ အမေရိကန်”မြောက်ကိုရီးယား ထိပ်သီးတွေ့ဆုံပွဲပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်းက သူ၏ ဒုံးကျည်စမ်းသပ်စခန်းများအနက် တစ်ခုကို ဖျက်သိမ်းရန် ကတိပြုခဲ့ကြောင်း အမေရိကန်သမ္မတထရမ့်က ပြောကြားခဲ့သည်။ ထိုအချိန်တွင် မည်သည့်စခန်းကို ဖျက်သိမ်းသွားမည်ဟု ကင်ဂျုံအန်းကထုတ်ပြန်ပြောကြားသွားခြင်း မရှိခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယား၏ အဓိက ထင်ရှားသော ဆိုဟဲဒုံးကျည်စမ်းသပ်စခန်းသစ်ကို ဖျက်သိမ်းသွားဖွယ်ရှိကြောင်း အမေရိကန် အကြီးအကဲများက ပြောသည်။ ဂြိုဟ်တုကတစ်ဆင့် ရိုက်ကူးရရှိခဲ့သော ဓာတ်ပုံများအရ ဇူလိုင် ၂၂ ရက်တွင် ဆိုဟဲ ဒုံးကျည်စမ်းသပ်စခန်းက စမ်းသပ်သည့် စင်ကို ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆိုဟဲ ဒုံးကျည်စမ်းသပ်ရေးစခန်းကို ဇွန်လ အစောပိုင်းတွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်ခဲ့သော သဘောတူညီချက်လုပ်ငန်းစဉ် တိုးတက်မှုရှိစေရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက မြောက်ကိုရီးယားနိုင်ငံကို လာရောက်ခဲ့ပြီးနောက် စတင်ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ဆိုဟဲရှိ စခန်းများ ဖျက်သိမ်းမှုသည် ပြင်ပ ပညာရှင်များကို ဝင်ရောက်စစ်ဆေးရန် ဖိတ်ကြားခြင်းမရှိဘဲ ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ် အစောပိုင်း မတ်လ၌ ပန်ဂျီရီ နျူကလီးယားလက်နက် စမ်းသပ်ရေးစခန်းကို ဖျက်သိမ်းခဲ့ခြင်းအပါအဝင် အခြား တစ်ဖက်သတ်လှုပ်ရှားမှုများကိုမြောက်ကိုရီးယားနိုင်ငံက ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးအတည်ပြုမှု လိုအပ်ကြောင်းဆန်းစစ်လေ့လာသူများက သတိပေးခဲ့သည်။
မြောက်ကိုရီးယား နျူကလီးယားလက်နက် ထုတ်လုပ်ရေးအစီအစဉ် ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း အမေရိကန်သမ္မတထရမ့်က ဇွန်လတွင် ပြောကြားခဲ့ကြောင်း ဝါရှင်တန်ပို့စ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇွန်လတွင် ဆိုဟဲ ဒုံးကျည်စမ်းသပ်စခန်းနှင့် အခြား ထင်ရှားသော ဒုံးကျည်စမ်းသပ်ရေးစခန်းများကို မြောက်ကိုရီးယားက ဖျက်သိမ်းခြင်း မရှိသေးကြောင်း ၃၈ မြောက်အုပ်စုက ထုတ်ပြန်ခဲ့သည်။
ဆိုဟဲ ဒုံးကျည်စမ်းသပ်ရေးစခန်းသည် တရုတ်နိုင်ငံ နယ်စပ်နှင့် ကီလိုမီတာ ၄၀ အကွာရှိ တောင်ချန်ရီတွင် တည်ရှိကြောင်း သိရသည်။

















