မြောက်ကိုရီးယား၌ အပူချိန်မြင့်မားမှုကြောင့် ခွေးသားဟင်းလျာများ ရောင်းအားမြင့်

မြောက်ကိုရီးယား၌ အပူချိန်မြင့်မားမှုကြောင့် ခွေးသားဟင်းလျာများ ရောင်းအားမြင့်

မြောက်ကိုရီးယားနိုင်ငံ၌ အပူချိန်မြင့်မားမှုကြောင့် ဘီယာချက်လုပ်ငန်းများ ယခင်ကထက်ပိုမိုထုတ်လုပ်နေရပြီး စားသောက်ဆိုင်များတွင်လည်း အထူးဟင်းလျာဖြစ်သည့် ခွေးသားစွပ်ပြုတ်ဟင်းကို ပိုမိုရောင်းချနေရကြောင်း အေပီသတင်းဌာနကဖော်ပြခဲ့သည်။

ကိုရီးယားဘာသာဖြင့် ဒန်ဂိုဂီဟု ခေါ်ဆိုသည့် ခွေးသားကို တောင်နှင့်မြောက်ကိုရီးယားတို့၌ ခွန်အားပြည့်စေသည့် အစားအစာဖြင့် သတ်မှတ်ထားပြီး နှစ်တစ်နှစ်၏အပူဆုံးချိန်များတွင် ပုံမှန်စားသုံးလေ့ရှိကြသည်။ ယခုနှစ်အတွင်း အပူဆုံးရက်များအဖြစ် သတ်မှတ်ခံရသည့် ဇူလိုင် ၁၇၊ ၂၇ နှင့် သြဂုတ် ၁၆ ရက်တို့တွင် ခွေးသားရောင်းအားမြင့်တက်ခဲ့သည်။ အရှေ့အာရှတွင် အပူလှိုင်းရိုက်ခတ်မှုကြောင့်လည်း ခွေးသားရောင်းအားမြင့်တက်ခဲ့ပြန်သည်။ မြောက်ကိုရီးယားရှိ မြို့တချို့၌ ပျမ်းမျှအပူချိန်သည် ၄၀ ဒီဂရီဆဲစီးယပ်စ်အထိရှိခဲ့သည်။

သမ္မတမွန်းဂျေအင်းကိုယ်တိုင် ခွေးများကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားသည့် တောင်ကိုရီးယား၌ပင် ဆန့်ကျင်ကန့်ကွက်မှုများရှိခဲ့သော်လည်း တစ်နှစ်လျှင် ခွေးနှစ်သန်းခန့်ကို သတ်ဖြတ်စားသောက်နေသည်။ ခွေးသားသည် ရှေးခေတ်ကတည်းက အမျိုးသားအစားအစာဖြစ်ခဲ့ကြောင်း မြောက်ကိုရီးယားမြို့တော်ရှိ ခွေးသားအများဆုံးရောင်းချနေသည့် ပြုံယမ်းအသားချိုစားသောက်ဆိုင်မှ စားပွဲထိုးအမျိုးသမီး ကင်အေကျုံကပြောဆိုသည်။ ခွေးသားသည် ပူသောသဘာဝရှိသောကြောင့် အပူကို အပူဖြင့် တိုက်ရမည်ဟု လူများက ယုံကြည်ကြောင်း ၎င်းကပြောဆိုသည်။

ခွေးများအပေါ်ထားရှိသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ အမြင်ကိုမသိရှိရသေးချေ။ ဇန်နဝါရီတွင် ကင်သည် ပြံယမ်းရှိ ဗဟိုတိရစ္ဆာန်ဥယျာဉ်သို့ မျိုးစိတ် ခုနစ်မျိုးပါဝင်သည့် ခွေး အကောင် ၃၀ ကို လှူဒါန်းခဲ့သည်။ တိရစ္ဆာန်ဥယျာဉ်တွင်းရှိ ခွေးရုံသည် လူကြည့်အများဆုံး နေရာတစ်ခုဖြစ်ပြီး လှောင်အိမ်များ၌ ခွေးများကို သတ်မစားဘဲ ချစ်ခင်ရန်လိုအပ်ကြောင်း ရေးသားထားသည့် ပိုစတာများကိုဖော်ပြထားသည်။