ထိုင်း ဘောလုံးသမားကလေးများ ရဟန်းခံ ရှင်ပြုပွဲ

ထိုင်း ဘောလုံးသမားကလေးများ ရဟန်းခံ ရှင်ပြုပွဲ

မဲဆိုင် ” ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ လိုဏ်ဂူကြီးတစ်ခုအတွင်း၌ ပိတ်မိနေခဲ့ပြီးနောက် ကယ်ဆယ်နိုင်ခဲ့သည့် လူငယ်ဘောလုံးသမားကလေးများနှင့် ၎င်းတို့၏ နည်းပြတို့ကို ဇူလိုင် ၂၄ ရက်တွင် ရဟန်းခံ၊ ရှင်ပြုပွဲကျင်းပခဲ့ပြီး ၎င်းတို့ကို သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့သည်။ အသက် ၁၁ နှစ်မှ ၁၆ နှစ်အတွင်းရှိသော ထိုင်းလူငယ် ကလေးများသည် ဇူလိုင် ၂၅ ရက်တွင် ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ သာသနာ့ဘောင်တွင် ရှင်သာမဏေ အဖြစ် ဝင်ရောက်နိုင်ရန် အလ·မင်္ဂလာပွဲကို ကျင်းပခဲ့သည်။ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်သော ၎င်းတို့၏ နည်းပြမှာ ရဟန်းခံမည်ဖြစ်ကြောင်း ချင်းရိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ပရာချွမ် ပရပ်ဆာကူးက ပြောကြားသည်။

၁၂ ဦးမြောက် ဘောလုံးသမားကလေးမှာမူ ဗုဒ္ဓဘာသာဝင်မဟုတ်သဖြင့် ထိုအခမ်းအနားတွင် မပါဝင်ခဲ့ပေ။ ဇူလိုင် ၂၅ ရက်တွင် ပြုလုပ်မည့် ရဟန်းခံရှင်ပြုပွဲကို ချင်းရိုင်တောင်ထိပ်ရှိ ဘုန်းကြီးကျောင်းတွင် ကျင်းပမည် ဖြစ်သည်။ လောလောဆယ်တွင် လူငယ်ကလေးများသည် ၎င်းတို့ဒေသ နေအိမ်အနီး ဆွေမျိုးများနှင့် မိတ်ဆွေ များထံ သွားရလွယ်ကူသော ထိုင်းနိုင်ငံမြောက်ဘက် မြန်မာနှင့်နယ်စပ်အနီးရှိ ဝပ်ဟာ သက်ဒွိုင်ဝါအို ဘုန်းကြီး ကျောင်းတွင် ရက်သတ္တပတ်ကျော် တည်းခိုလျက်ရှိကြသည်။

"ဒီဘုန်းကြီးကျောင်းကတော့ တောင်ပေါ်ကကျောင်းမှာ ရဟန်းသာမဏေပြုပြီးရင် သီတင်းသုံးရမယ့်ကျောင်း ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့အဆုံးအမတွေကို လက်တွေ့လေ့ကျင့်ခြင်းဖြင့် ငြိမ်းချမ်းမှု၊ ခွန်အားနဲ့ အသိဉာဏ်ပညာတွေ တိုးတက်ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု ဆရာတော် ပရာ ကရူ ပယာယု ဂျီတီယန်နုကယန်က မိန့်ကြားခဲ့သည်။ ၎င်းတို့သည် စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမား ထိုင်း ရေတပ်ကွန်မန်ဒို ဆာမန် ဂူနန်ကို ရည်စူး၍လည်း သာသနာ့ဘောင် ဝင်ခြင်းဖြစ်သည်။