ဂျပန်နိုင်ငံအနှံ့တွင် နှစ်ပတ်ခန့်အကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးမြေပြိုမှုများကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ပြီးနောက် နောက်ထပ် ရာသီဥတုဘေးအန္တရာယ်ဖြစ်သော စံချိန်တင် အပူလှိုင်းဖြတ်သန်းမှုကို ဂျပန်နိုင်ငံကသြဂုတ်လ အစောပိုင်းအထိ ရင်ဆိုင်သွားရဖွယ်ရှိကြောင်းမိုးလေဝသ ကြိုတင်ခန့်မှန်းသူများက ပြောကြားခဲ့သည်။
အပူလျှပ်ခြင်းကြောင့် လူ သုံးသောင်းနှင့်အထက် ဆေးရုံသို့တင်ပို့ ကုသခဲ့ရကြောင်းသိရသည်။ လွန်ခဲ့သော နှစ်ပတ်အတွင်း ကျောင်းလေ့လာရေးခရီးစဉ် သွားရောက်ခဲ့ပြီးနောက် သေဆုံးခဲ့သည့် အိုင်ချီ စီရင်စုမှ ခြောက်နှစ်အရွယ် ကျောင်းသားတစ်ဦးအပါအဝင် သေဆုံးသူ ဦးရေ ၇၇ ဦး အနည်းဆုံးရှိကြောင်း မှတ်တမ်းများအရသိရသည်။
ဂျပန်နိုင်ငံ၏ သက်ကြီးရွယ်အိုဦးရေ ၃၅ သန်းမှာ အပူဒဏ်ကို ခံနိုင်မည်မဟုတ်ကြောင်း အစိုးရဌာနများက သတိပေးထုတ်ပြန်ခဲ့ပြီး ထိခိုက်သေဆုံးသူဦးရေ အနည်းဆုံး ၈၀ ရာခိုင်နှုန်းမှာ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများဖြစ်ကြောင်း သုတေသီတစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့သည်။ "အပူဒဏ်က အသက်အန္တရာယ်ကို ခြိမ်းခြောက်နေပါပြီ"ဟု ဂျပန် မိုးလေဝသ အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင် ၂၃ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လူဦးရေ ကိုးသန်းကျော် နေထိုင်လျက်ရှိသော တိုကျိုမြို့တော်တွင် အပူချိန် ၁၀၄ ဒီဂရီ စင်တီဂရိတ်သို့ပထမဆုံးအကြိမ် ရောက်ရှိသွားပြီဖြစ်ကြောင်း အဆိုပါမိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သောသီတင်းပတ်က ဂျပန်တစ်နိုင်ငံလုံးရှိကျောင်းများ၏ ကျောင်းပြင်ပ အားကစားပွဲများနှင့် လေ့လာရေးခရီးစဉ်များကို ဖျက်သိမ်းခဲ့ကြောင်း စီအင်န်အင်န်သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ ဂျပန်နိုင်ငံ စံချိန်တင်အပူလှိုင်းဖြတ်ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လနှင့်သြဂုတ်လတို့တွင် ကျင်းပမည့် နွေရာသီ အိုလံပစ်ပြိုင်ပွဲကို ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနိုင်ခြေရှိမရှိ စိုးရိမ်မှု မြင့်တက်လာခဲ့သည်။

















