ဖေ့စ်ဘွတ်ခ် ဝင်ငွေနှင့် သုံးစွဲသူ တိုးတက်နှုန်းသည် ရင်းနှီးမြှုပ်နှံသူများ မျှော်လင့်ထားသည့်နှုန်းအထိ မရောက်ရှိခဲ့သဖြင့် ဇူလိုင် ၂၅ ရက် ဈေးကွက်ပိတ်ချိန်တွင် ရှယ်ယာတန်ဖိုးသည် ၂၀ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ကြောင်း သိရသည်။
ဇွန်လကုန်အထိ ဖေ့စ်ဘွတ်ခ်ကို ကမ္ဘာတစ်ဝန်း လစဉ် တက်ကြွစွာ အသုံးပြုသူပမာဏသည် သန်း ၂၂၃၀ ရှိခဲ့သည်။ ထိုနှုန်းသည် ၂၀၁၇ ဇွန်လကထက် ၁၁ ရာခိုင်နှုန်း တိုးလာသည်မှန်သော်လည်း ပြီးခဲ့သည့်နှစ်နှစ်အတွင်း တိုးတက်နှုန်း အနှေးဆုံးဖြစ်နေသောကြောင့် ဈေးကွက်အတွင်း ရိုက်ခတ်ကာ ရှယ်ယာတန်ဖိုးများပါ သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်သည်။ လာမည့် ၂၀၁၉ ခုနှစ်တွင်လည်း ဖေ့စ်ဘွတ်ခ်သည် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ငွေပိုသုံးရန်ရှိသဖြင့် သုံးစွဲနှုန်းသည် ဝင်ငွေရရှိနှုန်းထက် ပိုများကာ အမြတ်ငွေ နည်းကောင်းနည်းသွားနိုင်ကြောင်းလည်း ဖေ့စ်ဘွတ်ခ်က ရင်းနှီးမြှုပ်နှံသူများကို သတိပေးထားသည်။
ဒုတိယသုံးလပတ်ကာလအတွင်း ဖေ့စ်ဘွတ်ခ်သည် အမြတ်ငွေ ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံ ရရှိခဲ့ပြီး ရှေ့နှစ် ဒုတိယသုံးလပတ်ကထက် ၃၁ ရာခိုင်နှုန်း တက်လာသည်။ ဝင်ငွေသည် ဒေါ်လာ ၁၃ ဒသမ ၂ ဘီလီယံရှိခဲ့ပြီး ရှေ့နှစ်ကာလတူတုန်းကထက် ၄၂ ရာခိုင်နှုန်းတက်လာသည်။ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်သုံးစွဲနှုန်းက ဝင်ငွေ၏ ၅၀ ရာခိုင်နှုန်းကျော်ထိရောက်ရှိကာ ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံထိ ရှိခဲ့ကြောင်းလည်း တွေ့ရသည်။
အမေရိကန်နှင့် ကနေဒါတို့တွင် သုံးစွဲသူတိုးနှုန်း ထူးခြားခြင်းမရှိ၊ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေများဖြင့် ရင်ဆိုင်နေရသော ဥရောပတွင်လည်း သုံးစွဲသူတိုးနှုန်း ကျဆင်းခဲ့ပြီး ကျန်ဖွံ့ဖြိုးဆဲနိုင်ငံများဘက်တွင်မူ တိုးတက်လျက်ရှိကြောင်း သိရသည်။

















