အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ ယန်း ကလော့ဒ် ယွန်ကာတို့ အိမ်ဖြူတော်တွင် တွေ့ဆုံပြီးနောက် အမေရိကန်နှင့် ဥရောပသမဂ္ဂကြား ကုန်သွယ်ရေး အတားအဆီးများ အတတ်နိုင်ဆုံး လျှော့ချသွားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။
နှစ်ဦးနှစ်ဖက် ပူးပေါင်းကာ ကုန်သွယ်ခွန် သုညမှတ်ထိ လျှော့ချရေး၊ အခွန်နှင့်မဆိုင်သော အခြားကုန်သွယ်ရေး အတားအဆီးများကိုလည်း သုညမှတ်ထိ လျှော့ချရေး၊ စီးပွားကဏ္ဍတွင် အစိုးရများက ငွေကြေးစိုက်ထုတ်ကာ ဈေးနှိမ့်ရောင်းချစေခြင်းများ သုညမှတ်ထိ ကျဆင်းရေး လက်တွဲအကောင်အထည်ဖော်သွားမည်ဟုလည်း သဘောတူခဲ့ကြသည်။ ဝန်ဆောင်မှုကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင်လည်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည်ဖြစ်ပြီး ဥရောပသမဂ္ဂသို့ အမေရိကန်မှ ပဲပိစပ်များ တိုးမြှင့်တင်ပို့နိုင်ရေးလည်း သဘောတူညီခဲ့ကြသည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့အကြား ကုန်သွယ်ရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် ယခုလို သဘောတူချက် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
ဥရောပနိုင်ငံများမှ သံမဏိနှင့် အလျူမီနီယံများကို သမ္မတ ထရမ့်က အခွန်တိုးကောက်မှု၊ ဥရောပကားများကိုလည်း သွင်းကုန်ခွန်တိုးကောက်ရန် ခြိမ်းခြောက်ထားမှုတို့ကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂအကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားမည့် အနေအထားကိုလည်း ယခု သဘောတူညီချက်က ချေဖျက်ပေးနိုင်ခဲ့သည်။
ဥရောပသမဂ္ဂသည် အမေရိကန် သဘာဝဓာတ်ငွေ့ရည်များကိုလည်း တိုးမြှင့်ဝယ်ယူရန် သဘောတူညီခဲ့သည်ဟု သမ္မတ ထရမ့်က ထုတ်ပြန်ပြောကြားသည်။

















