၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလ ရုရှားခြေဝင်ရှုပ်မှုများနှင့် ပတ်သက်၍ ဦးဆောင်စစ်ဆေးနေသော ဒုတိယရှေ့နေချုပ်ကို ဖြုတ်ချရန် ရီပတ်ဘလီကန်လွှတ်တော်အမတ်များက ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
အောက်လွှတ်တော် ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်းများက ဒုတိယ ရှေ့နေချုပ် ရော့ဒ် ရိုဆန်စတိန်းကို အယုံအကြည်မရှိအဆို တင်သွင်းဖြုတ်ချနိုင်ရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ်သည်။ အဆိုတင်သွင်းနိုင်ရေးအတွက် အောက်လွှတ်တော် ရီပတ်ဘလီကန် ကိုယ်စားလှယ် မာ့ခ် မီဒိုနှင့် ဂျင် ဂျော်ဒန်တို့က ဦးဆောင်လျက်ရှိပြီး မစ္စတာ ရိုဆန်စတိန်းသည် ထရမ့်နှင့်ရုရှား ပတ်သက်မှုနှင့် ဆက်စပ်သော သတင်းအချက်အလက်များ တောင်းခံမှုကို ပြည့်ဝစွာ ပူးပေါင်းကူညီခြင်းမရှိဘဲ တားဆီးလိုသည့် သဘောများရှိနေသောကြောင့် အယုံအကြည်မရှိအဆို တင်သွင်းရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ မစ္စတာ ရိုဆန်စတိန်းကမူ ငြင်းဆိုထားသည်။
ထရမ့် ကမ်ပိန်းအဖွဲ့နှင့် ရုရှားအကြား ဆက်စပ်မှု အထူးစုံစမ်းစစ်ဆေးရေးမှူး အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူးချုပ်ဟောင်း ရောဘတ်မြူလာ ဦးဆောင်သည့်အဖွဲ့၏ စစ်ဆေးတွေ့ရှိမှု အချက်အလက်များကို ထုတ်ပြန်ပေးရန် ရီပတ်ဘလီကန်များက တောင်းခံမှုကို ဒုတိယရှေ့နေချုပ် ရိုဆန်စတိန်းသည် ဖြည့်ဆည်းပေးရန် ပျက်ကွက်ခဲ့သည်ဟု အယုံအကြည်မရှိအဆို တင်သွင်းရေး ကနဦးအဆိုပြုချက်တွင် ဖော်ပြထားသည်။
သမ္မတ ထရမ့်နှင့် ရုရှား ပတ်သက်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ပြီးခဲ့သည့်နှစ်က ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင် နုတ်ထွက်ပြီးနောက် မစ္စတာ ရိုဆန်စတိန်းက ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။

















