ပေကျင်းရှိ အမေရိကန်သံရုံးအပြင်ဘက်၌ ပေါက်ကွဲအသေးစားဖြစ်၊ တိုက်ခိုက်သူအဖြစ် သံသယရှိသူသာ ဒဏ်ရာရရှိ

ပေကျင်းရှိ အမေရိကန်သံရုံးအပြင်ဘက်၌ ပေါက်ကွဲအသေးစားဖြစ်၊ တိုက်ခိုက်သူအဖြစ် သံသယရှိသူသာ ဒဏ်ရာရရှိ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ အမေရိကန်သံရုံးအပြင်ဘက်၌ ဇူလိုင် ၂၆ ရက်တွင် လက်လုပ်ဗုံးငယ်တစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း တရုတ်ရဲတပ်ဖွဲ့နှင့် သံရုံး၏ပြောခွင့်ရှိသူတို့က ပြောဆိုသည်။

အမျိုးသားတစ်ဦးက လက်လုပ်ဗုံးဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ယင်းအမျိုးသားသာ ဒဏ်ရာရရှိခဲ့ကြောင်း ပေကျင်းရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။ ပေါက်ကွဲမှုပြီးနောက် ထွက်ပေါ်လာသည့် မီးခိုးများနှင့် သံရုံးတစ်ဝိုက်တွင် ရဲတပ်ဖွဲ့သုံးယာဉ်များစွာ ရပ်ထားသည့် ဓာတ်ပုံများကို လူမှုမီဒီယာများတွင်ဖော်ပြခဲ့သည်။

ဗုံးဖောက်ခွဲသူအဖြစ် သံသယရှိသူသည် အသက် ၂၆ နှစ်အရွယ် ချန်း ဆိုသည့် မျိုးနွယ်အမည်ရှိသူတစ်ဦးဖြစ်ကာ ၎င်းသည် အင်းနားမွန်ဂိုလီယားရှိ တွန်လီယောက်မြို့နေတစ်ဦးဖြစ်ကြောင်း ပေကျင်းရဲတပ်ဖွဲ့စခန်းက ထုတ်ပြန်ခဲ့သည်။ ပေါက်ကွဲမှုကြောင့် သံသယရှိသူ၏လက်တွင် ဒဏ်ရာရရှိခဲ့ပြီး ယင်းပေါက်ကွဲရေးပစ္စည်းကို မီးရှူးမီးပန်းများဖြင့် ပြုလုပ်ထားကာ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။

ဖောက်ခွဲသည့်အကြောင်းအရင်းကို မသိရှိရသေးဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ သံရုံးပိုင်ပစ္စည်းတစ်စုံတရာထိခိုက်မှုမရှိခဲ့ဘဲ တိုက်ခိုက်သူအဖြစ် သံသယရှိသူမျှလွဲပြီး အခြားလူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်း သံရုံး၏ပြောခွင့်ရှိသူတစ်ဦးကပြောဆိုခဲ့သည်။

ဇူလိုင် ၂၆ ရက် နံနက် ၁၁ နာရီခန့်တွင် သံရုံးအပြင်ဘက်၌ ကိုယ့်ကိုယ်ကိုယ်ဓာတ်ဆီလောင်းပြီး မီးရှို့ရန်  ကြိုးပမ်းခဲ့သည့် အမျိုးသမီးတစ်ဦးကိုလည်း ဖယ်ရှားခဲ့ရကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏အာဘော်ကိုဖော်ပြနေသည့် ဂလိုဘယ်တိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားရာနားရှိ ဗီဇာရုံး၏လုပ်ငန်းလည်ပတ်မှုများ ပေါက်ကွဲမှုဖြစ်ပွားပြီး မကြာမီတွင်  ပြန်လည်စတင်ခဲ့ကြောင်း သံရုံး၏ပြောခွင့်ရှိသူကပြောဆိုခဲ့သည်။ ရုံးဖွင့်ရက်များတွင် သံရုံးအပြင်ဘက်၌ ဗီဇာလျှောက်ထားသူများပါဝင်သည့် လူတန်းရှည်ကြီးရှိနေလေ့ရှိသည်။