သာစည်မြို့နယ်တွင် မကြာခဏဆူပူကြိမ်းမောင်းဆဲဆိုခဲ့သည့် ဌာနစုမှူးကို မကျေနပ်သဖြင့် ဓါးဖြင့် ခုတ် သတ်ခဲ့မှု ဇူလိုင် ၂၅ ရက်နေ့ကဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်ခန့်တွင် သာစည်မြို့ အမှတ်(၃)ရပ်ကွက် မီးရထားကုန်း ရပ်ကွက်နေ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးဌာန ဌာနစုမှူး ဦးစိုးနိုင်ဦး (၅၅)နှစ် ရုံးခန်း၌ ရှိနေစဉ် တစ်ဝင်းထဲနေ ကျော်ဆွေ(၅၂)နှစ်က ငှက်ကြီးတောင်ဓါးဖြင့်ခုတ်ခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ဦးစိုးနိုင်ဦး တွင် ဝဲနားရွက်ပြတ်၊ ဝဲရင်အုံထိုးသွင်း ဒဏ်ရာ(စိုးရိမ်ရ) ရရှိသဖြင့် သာစည် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားခဲ့ပြီး ကျော်ဆွေက ၄င်းကို ဦးစိုးနိုင်ဦးက မကြာခဏ ဆူပူဆဲဆိုမှုများ ပြုလုပ်ခဲ့သည်ကို မကျေနပ်၍ ငှက်ကြီးတောင်ဓါးဖြင့် ထိုးခုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သာစည်မြို့မရဲစခန်း(ပ) ၁၇၁/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။
















