ပင်လည်ဘူးမြို့တွင် ဘိန်းဖြူ ၂၈၅ သိန်းကျော်ဖိုးသိမ်းဆည်းရမိ

ပင်လည်ဘူးမြို့တွင် ဘိန်းဖြူ ၂၈၅ သိန်းကျော်ဖိုးသိမ်းဆည်းရမိ

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့တွင် ဘိန်းဖြူ ၂၈၅ သိန်းကျော်ဖိုးကို ဇူလိုင် ၂၆ ရက်တွင် သိမ်းဆည်းရမိခဲ့ကြောင်း ပင်လည်ဘူးမြို့ရဲစခန်းမှသိရသည်။ 

အဆိုပါနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်း ပင်လည်ဘူး-ကောလင်းသွား ကားလမ်းဘေးရှိ ဒေါ်အေးကြည် (ခ) မတွတ် (ခ) အနှောင်း ပိုင်ဆိုင်သည့် ဆောက်လက်စ အဆောက်အဦတွင် မူးယစ် သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအဆောက်အဦတွင်း ခြံဝင်းစောင့်ဖြစ်သူ သန်းထွန်း ခိုင်စိုးဦးနှင့် ကိုဇင် (ခ) ဇင်လင်းဦး တို့ (၃)ဦးကို တွေ့ရှိခဲ့ပြီး အနီးရှိ ဂိုဒေါင်အတွင်းမှ  ပီနံအိတ်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ  ၁၁ ဂရမ်ခန့်စီထည့်ထားသည့်  ဆပ်ပြာခွက်ရောင်စုံ ၇၅ ခွက်၊ အလေးချိန် ၈၂၅ ဂရမ်၊ ကာလတန်ဖိုး ၂၈၅ သိန်းခန့်ကို သိမ်းဆည်းရမိခဲ့သည်။ 

ပင်လည်ဘူးမြို့မရဲစခန်းက မယ (ပ)၉၅/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁အရ အမှုဖွင့်အရေးယူထားပြီး အမှုဖြင့်တိမ်းရှောင်နေသူ ဒေါ်အေးကြည် (ခ) မတွတ် (ခ) အနှောင်းကို စစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။