အိန္ဒိယမြန်မာနယ်စပ်တွင် ကင်းလှည့်နေသည့် အိန္ဒိယစစ်တပ်၊ အာသံရိုင်ဖယ်တပ်ရင်းမှ ကင်းလှည့်တပ်ဖွဲ့တစ်ခုကို အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် ခေါ် အာဆာသောင်းကျန်းသူအုပ်စုက လွန်ခဲ့သည့်လအတွင်းက ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၂၆ ရက် အိန္ဒိယသတင်းတစ်ပိုဒ်က ဖော်ပြခဲ့သည်။
အာသံရိုင်ဖယ်တပ်ရင်းအဆိုအရ ယင်းပစ်ခတ်မှုသည် အာဆအကြမ်းဖက်သမားများအနေဖြင့် ယင်းနယ်စပ်အနီး မြန်မာဘက်ခြမ်းတွင် အခြေစိုက်စခန်း တည်ဆောက်လိုပုံရကြောင်း ပြသရာရောက်သည်ဟု ဒီယာအိန္ဒိယသတင်းက ရေးသားသည်။
ယင်းပစ်ခတ်မှုသည် မီဇိုရမ်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အာသံရိုင်ဖယ်တပ်က ပြန်လည်ပစ်ခတ်ခဲ့ရာ သောင်းကျန်းသူများသည် ထူထပ်သည့်သစ်တောများအကာအကွယ်ယူ၍ မြန်မာဘက်ခြမ်း ထွက်ပြေးခဲ့ကြောင်းလည်း ရေးသားခဲ့သည်။ ယင်းအဖြစ်က အိန္ဒိယတပ်ဖွဲ့များကို အပြင်းအထန်တိုက်ခိုက်လိုသည့် ပိုမိုကြီးမားသောအသွင်ကို တစ်စိတ်တစ်ပိုင်းထင်ဟပ်ကြောင်းလည်း ဖော်ပြခဲ့သည်။
အာဆာအုပ်စုကို ပါကစ္စတန်ထောက်လှမ်းရေးအေဂျင်စီက ငွေကြေးအမြောက်အမြား ထောက်ပ့ံနေကြောင်းလည်း အိန္ဒိယတို့က စွပ်စွဲခဲ့ပြီး ယင်းကြောင့် မြန်မာ့တပ်မတော်ကို တန်ပြန်တိုက်ခိုက်မှုများ မြင့်တက်စေမည်ဟုလည်း ရေးသားခဲ့သည်။ အာဆာတို့ကို အိုင်အက်စ်အုပ်စုက ထောက်ပံ့မှုနှင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပေးကြောင်း၊ လက်ရှ်ကာအကြမ်းဖက်သမားများသည်လည်း အာဆာတို့ကို လေ့ကျင့်ပေးရာတွင် ပါဝင်ကြောင်း သတင်းများ ရရှိခဲ့သည်ဟုလည်း သတင်းတွင်ရေးသားခဲ့သည်။
ယခုဖြစ်ရပ်သည် အာဆာအုပ်စုက အိန္ဒိယလုံခြုံရေးတပ်ဖွဲ့များကို ပထမဆုံးအကြိမ်တိုက်ခိုက်မှုဖြစ်ကြောင်း၊ အိန္ဒိယ မြန်မာနယ်စပ်တလျှောက် အိန္ဒိယစစ်သည်များကို တပ်လှန့်ထားကြောင်း၊ အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဘက် ပြည်နယ်အားလုံးအတွက် ကြီးမားသည့်လုံခြုံရေးခြိမ်းခြောက်မှုအလားအလာဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။
















