မျက်နှာကိုအဝတ်စည်းထားသည့် ဆိုင်ကယ်သမားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခြင်းကြောင့် လူတစ်ဦး သေဆုံး

မျက်နှာကိုအဝတ်စည်းထားသည့် ဆိုင်ကယ်သမားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခြင်းကြောင့် လူတစ်ဦး သေဆုံး

သီပေါမြို့နယ် နေအိမ်အတွင်းမိသားစုနှင့်အတူ တီဗီကြည့်နေသူ အမျိုးသားကို ဆိုင်ကယ်သမား ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်မောင်းနှင်သွားသဖြင့် သေဆုံးခဲ့မှုဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၂၇ ရက်နေ့က သီပေါမြို့မရဲစခန်းမှသိရသည်။

ဇူလိုင် ၂၆ ရက်နေ့ ညပိုင်းတွင် စံဖိတ်ကျေးရွာနေ ဦးစိန်ဝင်း နေအိမ်ခြံဝန်းအတွင်းသို့ မျက်နှာ အဝတ်စည်းထားသည့် လူ၂ ဦးဆိုင်ကယ်ဖြင့်ရောက်လာပြီး အိမ်ထဲသို့ပြေးဝင်ကာ မိသားစုနှင့်အတူ တီဗီကြည့်နေသည့် ဦးစိန်ဝင်း ကိုသေနတ်နှင့်ပစ်ခတ်သွားခဲ့သည်။

သေဆုံးသူမှာ ပလောင်လူမျိုးဖြစ်ပြီး လွန်ခဲ့သော(၃)နှစ်ဝန်းကျင်ခန့်မှ သီပေါမြို့နယ် ထန်စန့်ကျေးရွာ မှ စံဖိတ်ကျေးရွာသို့ပြောင်း ရွှေ့ရောက်ရှိလာပြီး ကုန်စုံဆိုင်ဖွင့်လှစ်ထားသူတစ်ဦးဖြစ်ကြောင်း သိရသည်။

'' အလောင်းကိုတော့ သူတို့ဟာသူတို့ ဆေးရုံကိုလာပြီး ပို့ကြတယ်။သေနတ်ဒဏ်ရာတွေလည်း ရထားတယ်" ဟု သီပေါမြို့ လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သက်ဆိုင်ရာ၏စစ်ဆေးချက်များအရသေဆုံးသူမှာဝမ်းဗိုက်၊လည်ပင်းဇက်ပိုး၊ဝဲဖက်ပုခုံးနောက်ကျောတို့တွင်ကျည်ဖောက်ဝင်ဒဏ်ရာ၃ချက်ရရှိကာ နေအိမ်စတီခုံပေါ်တွင်သေဆုံးခဲ့ခြင်းဖြစ်သည်။

သီပေါမြို့မရဲစခန်း (ပ)၉၄/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့်ကာ သေနတ်သမား ၂ ဦးကို စုံစမ်းလျက်ရှိသည်။