၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့သူများဟု ယုံကြည်ရသည့် အမေရိကန်စစ်သည်များ၏ ရုပ်ကြွင်းများကို မြောက်ကိုရီးယားက အမေရိကန်ထံ လွှဲပြောင်းပေးအပ်ခြင်းဖြင့် ယင်းနှစ်နိုင်ငံအကြား သံတမန်ရေးဖြစ်ပေါ်တိုးတက်မှုတစ်ရပ် ထပ်မံရရှိခဲ့သည်။
ရုပ်ကြွင်း ၅၅ ခုကို သယ်ဆောင်လာသည့် အမေရိကန်လေတပ်ပိုင် စီ ၁၇ လေယာဉ်တစ်စင်းသည် မြောက်ကိုရီးယားမြောက်ပိုင်းမှထွက်ခွာ၍ တောင်ကိုရီးယား၊ ဆိုးလ်အနီး အိုဆန် အမေရိကန်စစ်စခန်းသို့ ဆင်းသက်ခဲ့သည်။ ယင်းရုပ်ကြွင်းများ ပြန်လည်လွှဲပြောင်းပေးရန် စင်ကာပူတွင် ဇွန် ၁၂ ရက်က တွေ့ဆုံခဲ့သည့် သမ္မတထရမ့်နှင့် ကင်ဂျုံအွန်တို့ ထိပ်သီးဆွေးနွေးပွဲအတွင်း သဘောတူခဲ့ခြင်းဖြစ်သည်။
ပြုံယမ်း၏လက်ရှိအပြုအမူကို အားပေးကြောင်း၊ အပြုသဘောဆောင်ပြောင်းလဲမှုဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂအလံလွှမ်းခြုံလျက် အမေရိကန်လေယာဉ်ပေါ်မှ သယ်ချခဲ့သည့် ရုပ်ကြွင်းများ တရားဝင် ပြန်လည်ရရှိမှုအခမ်းအနားကို အိုဆန်စစ်စခန်းတွင် သြဂုတ် ၁ ရက်၌ ကျင်းပမည်ဖြစ်သည်။ ယင်းနောက် ရုပ်ကြွင်းများကို ဟာဝိုင်အီသို့ ဆက်လက်သယ်ဆောင်ကာ စမ်းသပ်စစ်ဆေးမည်ဖြစ်သည်။
၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအတွင်း အမေရိကန်စစ်မှုထမ်း ၇၇၀ဝ ခန့် ပျောက်ဆုံးခဲ့ပြီး ရုပ်ကြွင်း ၅၃၀ဝ ခန့် မြောက်ကိုရီးယားတွင် ရှိနေသည်ဟု ယုံကြည်ရသည်။ ယင်းစစ်ပွဲကြောင့် အမေရိကန်စစ်သည် ၃၆၀ဝ၀ အပါအဝင် လူသန်းချီ သေဆုံးခဲ့သည်။
ယခုထက်အရင် နောက်ဆုံးရုပ်ကြွင်းလွှဲပြောင်းပေးမှုမှာ ၂၀ဝ၇ ခုနှစ်က ဖြစ်ခဲ့သည်။ ၁၉၉၆ မှ ၂၀ဝ၅ အတွင်း အမေရိကန်နှင့် မြောက်ကိုရီးယား ပူးတွဲရှာဖွေရေးအဖွဲ့သည် ရှာဖွေမှု ၃၃ ကြိမ် ပြုလုပ်ခဲ့ပြီး အမေရိကန်ရုပ်ကြွင်း ၂၂၉ စုံ ရှာဖွေတွေ့ရှိခဲ့သည်။
ကိုရီးယားစစ်ပွဲပြီးဆုံးခြင်း ၆၅ နှစ်မြောက်အခမ်းအနား ကျင်းပခဲ့သည့် ပြုံယမ်း၌မူ အမေရိကန်ရုပ်ကြွင်းများ လွှဲပြောင်းပေးမှုအပေါ် မှတ်ချက်မဖော်ပြခဲ့ပေ။ သမ္မတထရမ့်ကမူ ရုပ်ကြွင်းများလွွှဲပေးသည့် ကင်ဂျုံအွန်ကို ကျေးဇူးတင်ကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။ ကိုရီးယားစစ်ပွဲ တရားဝင်အဆုံးသတ်ကြောင်း ကြေညာရေးကို မြောက်ကိုရီးယားက အခိုင်အမာ တောင်းဆိုထားသည်နှင့်အမျှ ကျန်ရစ်သည့်ရုပ်ကြွင်းများ ဆက်လက်လွှဲပြောင်းပေးဖွယ်ရှိသည်။ လာမည့်အပတ်တွင် ကိုရီးယား နှစ်နိုင်ငံ ဗိုလ်ချုပ်ကြီးအဆင့် စစ်ဘက်ဆွေးနွေးမှုများပြုရန် သဘောတူထားကြောင်းလည်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

















