ဆင်းရဲမွဲတေမှုတိုက်ဖျက်ပြီး အမေရိကန်နှင့်ဆက်ဆံရေး တိုးမြှင့်မည်ဟု ပါကစ္စတန်ရွေးကောက်ပွဲနိုင်သူ အီမရာခန်းကတိပြု

ဆင်းရဲမွဲတေမှုတိုက်ဖျက်ပြီး အမေရိကန်နှင့်ဆက်ဆံရေး တိုးမြှင့်မည်ဟု ပါကစ္စတန်ရွေးကောက်ပွဲနိုင်သူ အီမရာခန်းကတိပြု

ပါကစ္စတန်ရွေးကောက်ပွဲတွင် အနိုင်ရရရှိခဲ့သူ နာမည်ကျော် ခရစ်ကက်ကစားသမားဟောင်း အီမရာခန်းက ဆင်းရဲမွဲတေမှုနှင့် အကျင့်ပျက်ခြစားမှုကိုတိုက်ဖျက်သွားမည်ဖြစ်ပြီး ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအတွက် အမေရိကန်နှင့် တစ်ဘက်သတ်မကျသည့် ဆက်ဆံရေးတိုးမြှင့်ထူထောင်သွားရန် ကတိပြုလိုက်သည်။

ခန်းနှင့် ၄င်း၏ ပီတီအိုင်ပါတီသည် မဲရလဒ်တွင် ဦးဆောင်နေကြောင်း ဇူလိုင် ၂၆ ကပင် ရုပ်သံဌာနများက ထုတ်ပြန်ခဲ့သည်။ သို့သော် အခြားတစ်ပြေးသူဖြစ်သည့် ရှန်ဘက်ဇ်ရှာရစ်ဖ်ကမူ မဲသမာမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိကြောင်း စွပ်စွဲခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်သည် နည်းပညာအခက်အခဲများ ရင်ဆိုင်ခဲ့ရပြီး မဲရေတွက်မှုများကို တစ်ကျော့ပြန် လက်ဖြင့် ရေတွက်ခဲ့ရ၍ နောက်ဆုံးတရားဝင်ရလဒ်ကြေညာရန် နှောင့်နှေးခဲ့ကာ ဇူလိုင် ၂၇ ရက်တွင် အီမရာခန်း အနိုင်ရကြောင်း တရားဝင် ထုတ်ပြန်ခဲ့သည်။ ခန်း၏ ပီတီအိုင်သည် အမျိုးသားလွှတ်တော် ၂၆၉ နေရာအနက် ၁၀၉ နေရာကို အနိုင်ရခဲ့ပြီး အနီးစပ်ဆုံးပြိုင်ဘက် ရှန်ဘက်ဇ်ရှာရစ်ဖ်ခေါင်းဆောင်သည့် ထောင်ကျခံ ဝန်ကြီးချုပ်ဟောင်း၏ ပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ်က ၆၃ နေရာ အနိုင်ရခဲ့သည်။ တတိယနေရာကို လက်ဝဲဝါဒီ ပီပီပီက ၃၉ နေရာဖြင့် ရရှိခဲ့ပြီး နေရာ ၂၀ အတွက် မဲရေတွက်နေဆဲဖြစ်သည်။

ရွေးကောက်ပွဲရက် ဇူလိုင် ၂၅ က အနောက်တောင်ဘက် ကွက်တာမြို့တွင် မဲရုံတစ်ရုံကို ဗုံးခွဲတိုက်ခိုက်ခံရ၍ ၃၁ ဦး သေဆုံးခဲ့သည်။ ယင်းမြို့တည်ရာ ဘလူချီစတန်ပြည်နယ်တွင် ယခုလစောစောပိုင်းကလည်း ဗုံးခွဲမှုကြောင့် ၁၄၉ ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။

ပါကစ္စတန်နိုင်ငံရေးတွင် သြဇာကြီးသည့် စစ်ဘက်၏ လျှို့ဝှက်ကျောထောက်နောက်ခံပြုမှု ရရှိထားကြောင်း စွပ်စွဲခံထားရသည့် အီမရာခန်းနှင့် ၄င်း၏ ပီတီအိုင်ပါတီသည် ပါလီမန်တွင် အများစုမဲအနိုင်ရရှိသော်လည်း အစိုးရဖွဲ့ရန် လုံလောက်သည့် အရေအတွက်မဟုတ်သဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် မဟာမိတ်များ ရှာဖွေသွားရမည်ဖြစ်ကြောင်းလည်း သိရသည်။