ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်သည် ဇူလိုင် ၂၇ ရက်တွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို အဆုံးသတ်ခဲ့ပြီး ရွေးကောက်ပွဲကို သပိတ်မှောက်သူများသည် ဒီမိုကရေစီစနစ်ကိုဖျက်ဆီးသူများဖြစ်ကြောင်း မဲဆွယ်စည်းရုံးရင်းပြောဆိုခဲ့သည်။
ဇူလိုင် ၂၉ ရက်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသူ ၈ ဒသမ ၃ သန်းရှိနေသည်။ အမျိုးသားလွှတ်တော်ရှိ အမတ်နေရာ ၁၂၅ နေရာအတွက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ယမန်နှစ်တွင် တရားရုံးတစ်ရုံးသည် အာဏာရပါတီ၏ပြိုင်ဘက်ကောင်းဖြစ်သည့် အတိုက်အခံ ကမ္ဘောဒီးယားအမျိုးသားကယ်ဆယ်ရေးပါတီ( စီအင်န်အာရ်ပီ) ကို အမေရိကန်နှင့်ပူးပေါင်းပြီး ကမ္ဘောဒီးယားအစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှုဖြင့် ဖျက်သိမ်းခဲ့ပြီးဖြစ်သောကြောင့် ဟွန်ဆန်၏ ကမ္ဘောဒီးယားအမျိုးသားပါတီ( စီပီပီ) သာ အနိုင်ရရှိနိုင်ခြေရှိနေသည်။ ဟွန်ဆန်သည် ၁၉၈၅ ခုနှစ်ကတည်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လာခဲ့ခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အတိုက်အခံ စီအင်န်အာရ်ပီသည် ဆန္ဒမဲ ၄၄ ရာခိုင်နှုန်းရရှိပြီး အနိုင်ရရှိလုနီးရှိခဲ့သည်။ ကမ္ဘောဒီးယား၌ ယခုကျင်းပမည့် ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက သတ်မှတ်ထားသည်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့ ရန်ပုံငွေထောက်ပံ့ပေးခြင်းမရှိခဲ့ချေ။ ဂျပန်ကမူ ရွေးကောက်ပွဲအောင်မြင်စေရေး အကူအညီပေးခဲ့သည်။
အာဏာရပါတီခေါင်းဆောင်များ အရှက်ရပြီး ၎င်းတို့၏အောင်မြင်မှုအနှစ်သာရမရှိစေရန် ကမ္ဘောဒီးယားနိုင်ငံသားများအနေဖြင့် ယခုရွေးကောက်ပွဲတွင် မဲပေးခြင်းမပြုရန် စီအင်န်အာရ်ပီက တိုက်တွန်းထားသည်။
"နိုင်ငံတော်သစ္စာဖောက်တွေရဲ့စကားကိုနားထောင်ပြီး မဲမပေးတဲ့သူတွေဟာ ကမ္ဘောဒီးယားက ဒီမိုကရေစီစနစ်ကို ဖျက်ဆီးတဲ့သူတွေပဲ "ဟု ဟွန်ဆန်က ပြည်သူ ၁၅၀ဝ၀ဝ တက်ရောက်ခဲ့သည့် လူထုတွေ့ဆုံပွဲတွင်ပြောဆိုခဲ့သည်။
ဇူလိုင် ၂၉ ရက် ရွေးကောက်ပွဲတွင် ပါတီ ၂၀ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဟွန်ဆန်၏ စီပီပီမှလွဲပြီး ကျန်ပါတီများသည် ပါတီငယ်များသာဖြစ်ကြကာ တချို့သည် အစိုးရက လူမြင်ကောင်းအောင် တစ်ဖက်လှည့်ဖြင့် တည်ထောင်ပေးထားသည့် ပါတီများဖြစ်ကြသည်။
ကနဦးရလဒ်များကို ဇူလိုင် ၂၉ ရက် အနှောင်းပိုင်းတွင် ထုတ်ပြန်ပေးမည်ဖြစ်သည်။ အမေရိကန်ကွန်ဂရက်စ်သည် ကမ္ဘောဒီးယား၌ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများကျင်းပနိုင်ရေး၊ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများရှရိရေးအတွက် လွန်ခဲ့သောအပတ်တွင် ကမ္ဘောဒီးယားဒီမိုကရေစီဥပဒေကို အတည်ပြုခဲ့ပြီး ဟွန်ဆန်၏ အတွင်းစည်းနေများအပေါ် ပိတ်ဆို့မှုများချမှတ်ခဲ့သည်။

















