ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ ရာစုနှစ်တစ်ဝက်ကြာ ပုန်ကန်ထကြွမှုများ အဆုံးသတ်သွားရေးအတွက် ယင်းဒေသခံ မွတ်စလင်များအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတည်ထောင်ရေးဥပဒေကြမ်းကို ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတေးက ဇူလိုင် ၂၆ ရက် နှောင်းပိုင်းတွင် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။
ဒေသသစ်ကို ဘန်ဆာမောရိုဟု အမည်ပေးမည်ဖြစ်ကြောင်း သမ္မတ၏ပြောခွင့်ရှိသူ ဟာရီရိုနှင့် အခြားကိုယ်ရေးအရာရှိတစ်ဦးဖြစ်သည့် ဘွန်ဂိုတို့က သတင်းထောက်များကိုပြောဆိုခဲ့သည်။ မွတ်စလင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတည်ထောင်ပေးအတွက် နှစ်ပေါင်း ၂၀ ကျော် သမ္မတလေးဆက်လက်ထက်အတွင်း စေ့စပ်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေကြမ်းကို ယခုအပတ်အစောပိုင်းတွင် လွှတ်တော်နှစ်ရပ်က အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
မွတ်စလင်သူပုန်များ၏ပုန်ကန်ထကြွမှုများကြောင့် လူ ၁၂၀ဝ၀ဝ ကျော်သေဆုံးခဲ့ပြီး ဆင်းရဲမွဲတေမှုအများဆုံးဒေသများ၌ ဖွံ့ဖြိုးမှုတန့်ခဲ့သည်။ အစိုးရနှင့် နိုင်ငံတောင်ပိုင်းရှိ အင်အားအကြီးဆုံး မောရိုအစ္စလာမ္မစ်လွတ်မြောက်ရေးတပ်ဦး သူပုန်အဖွဲ့တို့ကြား သဘောတူညီမှုရရှိခဲ့သော်လည်း ဒေသတွင်း အိုင်အက်စ်နှင့်ပတ်သက်မှုရှိသော သူပုန်တပ်ဖွဲ့ဝင်များစွာ၏အန္တရာယ်က ကျန်ရှိနေဆဲဖြစ်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်သဘောတူညီမှု လုံးဝသက်ရောက်ပါက တပ်သား ၃၀ဝ၀ဝ မှ ၄၀ဝ၀ဝ အထိ လက်နက်ချမည်ဖြစ်ကြောင်း မောရိုသူပုန်တပ်ဖွဲ့၏အကြီးအကဲ အယ်လ်ဟာဂျ်မူရတ်အီဘရာဟင်က ဇူလိုင် ၂၄ ရက်တွင် ပြောဆိုခဲ့သည်။ လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်သည့် အစီအစဉ်ကို သဘောတူညီမှုနှင့်အညီ တစ်ဆင့်ချင်းလုပ်ဆောင်မည်ဖြစ်ပြီး နောက်ဆုံးတွင် သူပုန်တပ်သား ၄၀ ရာခိုင်နှုန်း လက်နက်ချမည်ဖြစ်သည်။
သူပုန်တပ်သားများ အရပ်သားပြန်ဖြစ်ရေးအတွက် တောင်ပိုင်းရှိ အကြီးဆုံးသူပုန်စခန်းခြောက်ခုကို အရပ်ဘက်အဖွဲ့အစည်းများအဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်ကြောင်း မူရတ်ကပြောဆိုခဲ့သည်။ မောရိုသူပုန်တပ်တွင် အင်အား ၁၁၀ဝ၀ ခန့်သာရှိမည်ဖြစ်ကြောင်း စစ်တပ်က ခန့်မှန်းထားသည်။
ဘန်ဆာမောရိုသည် လက်ရှိကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသနေရာတွင် ပေါ်ပေါက်လာမည်ဖြစ်ပြီး ပိုမိုအရွယ်အစားကြီးမား၊ ရန်ပုံငွေပိုမိုတောင့်တင်းကာ သြဇာလည်းပိုကြီးမည်ဖြစ်သည်။ ဒေသသစ်ဖွံ့ဖြိုးရေးအတွက် နှစ်စဉ်ရန်ပုံငွေအဖြစ် ပီဆို ၆၀ ဘီလီယံမှ ၇၀ ဘီလီယံ( ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ) ကို လျာထားမည်ဖြစ်သည်။
မူရတ်၏တပ်ဖွဲ့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် မွတ်စလင်နိုင်ငံသီးခြားတည်ထောင်မှုတို့ကိုလဲလှယ်ခဲ့သည့် ဒုတိယမြောက်တပ်ဖွဲ့ဖြစ်သည်။ မောရိုအမျိုးသားလွတ်မြောက်ရေးတပ်ဦးသည် ၁၉၉၆ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့ပြီး ယင်းနောက်တွင် ခရိုင်ငါးခုပါဝင်သော မွတ်စလင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါ်ထွက်ခဲ့သည်။

















