မိဘနှင့် ခွဲထားခံရသော ခိုလှုံသူ ကလေးငယ် ၁၈၀ဝ မိဘထံ ပြန်အပ်နှံပြီးဟု သမ္မတထရမ့် အစိုးရပြောဆို

မိဘနှင့် ခွဲထားခံရသော ခိုလှုံသူ ကလေးငယ် ၁၈၀ဝ မိဘထံ ပြန်အပ်နှံပြီးဟု သမ္မတထရမ့် အစိုးရပြောဆို

မိဘနှင့် ခွဲထားခံရသော ခိုလှုံသူ ကလေးငယ် ၁၈၀ဝ ကျော်ကို တရားရုံးနောက်ဆုံးသတ်မှတ်ရက်အမီ မိဘများထံ ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက ထုတ်ပြန်ပြောကြားသည်။

အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အဖွဲ့  (အိုင်စီအီး) ဌာနက ထိန်းသိမ်းထားသော ကလေးနှင့် လူငယ် ၁၄၄၂ ဦးနှင့် အခြားနည်းလမ်းများဖြင့် ထိန်းသိမ်းထားသောကလေးနှင့်လူငယ်  ၃၇၈ ဦးတို့ကို သင့်လျော် လျောက်ပတ်သော ပုံစံဖြင့် ပြန်လွှတ်ပေးကာ မိဘများထံ အပ်နှံပြီးဖြစ်ကြောင်း ထရမ့်အစိုးရက ထုတ်ပြန်သည်။ အသက် ၅ နှစ်မှ  ၁၇ နှစ်ကြား ကလေးနှင့် လူငယ်များကို ဇူလိုင် ၂၆ ရက် နောက်ဆုံးထားပြီး လွှတ်ပေးရန် တရားရုံးက ညွှန်ကြားထားသည်။

ကလေး ၇၀ဝ ဝန်းကျင်ကိုကား မိဘများထံ ပြန်လည်အပ်နှံနိုင်ခြင်းမရှိကြောင်း သိရသည်။ ၎င်းတို့အနက်  ၄၃၁  ဦးသည် မိဘများ အမေရိကန်နိုင်ငံတွင်း မရှိတော့မှုကြောင့် ပြန်အပ်နှံပေးရန် မဖြစ်နိုင်တော့ကြောင်းလည်း သိရသည်။ လူဝင်မှုကြီးကြပ်ရေးဌာနသည် အမေရိကန်နိုင်ငံတွင်း တရားမဝင်  ဝင်ရောက်နေထိုင်သော ခိုလှုံသူ လူကြီးများကို ဖမ်းဆီးခဲ့မှုကြောင့် ကလေးနှင့် လူငယ်များကို သီးခြားခွဲထားကာ ထိန်းသိမ်းထားခဲ့ရခြင်း ဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းက စတင်ကာ မက္ကဆီကို နယ်စပ်တွင်  သည်းခံမှုသုည မူဝါဒဖြင့် အမေရိကန်နိုင်ငံတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများကို ဖမ်းဆီးခဲ့သည်။ အများပြည်သူ ကန့်ကွက်မှုများ မြင့်တက်ခဲ့သောကြောင့် ပြီးခဲ့သည့်လက သမ္မတ ထရမ့်သည်  အစီအစဉ်ကို ယာယီဆိုင်းငံ့ထားခဲ့သည်။

အစိုးရ ထိန်းသိမ်းမှုမှ ပြန်လွတ်မြောက်လာသော ခိုလှုံသူမိဘများ၊ အမေရိကန်နိုင်ငံတွင်း ဆွေမျိုးရင်းချာရှိသော ကလေးများကို ပြန်လွှတ်ပေးခြင်းဖြစ်ပြီး၊ အသက် ၁၈ နှစ်ကျော်နေပြီဖြစ်သည့် လူငယ်များကိုလည်း ပြန်လွှတ်ပေးခဲ့သည်။