အမေရိကန်က အီရန်ကို တိုက်ခိုက်လျှင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပိုင်ဆိုင်သမျှကို ဦးဆုံး ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း အီရန် အထူးတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်တစ်ဦးက ခြိမ်းခြောက် ပြောကြားလိုက်သည်။
မစ္စတာ ထရမ့်က စစ်ပွဲကို စတင်လျှင် အီရန်က စစ်ပွဲကို အဆုံးသတ်ပေးရလိမ့်မည်ဟုလည်း ဗိုလ်ချုပ် ကာဆင် ဆိုလ်မာနီက သတိပေးပြောကြားကြောင်း အီရန်သတင်းဌာနတက်စ်နင်မ်က ဖော်ပြသည်။ အီရန်သမ္မတ ဟာဆန် ရိုဟာနီအနေဖြင့် အမေရိကန်ကို ခြိမ်းခြောက်ခြင်းမျိုး မလုပ်ရန် သမ္မတ ထရမ့်က တွစ်တာတွင် ပြင်းပြင်းထန်ထန် ရေးသားခဲ့ပြီးနောက် ဗိုလ်ချုပ် ဆိုလ်မာနီက တန်ပြန်ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။
၂၀၁၅ အီရန်နှင့် နိုင်ငံတကာ နျူကလီးယားသဘောတူစာချုပ်မှ အမေရိကန်နုတ်ထွက်ပြီးနောက်ပိုင်း အီရန်နှင့် တင်းမာမှုများ မြင့်တက်လျက်ရှိသည်။ ဗိုလ်ချုပ် ဆိုလ်မာနီသည် အီရန်၏ ထိပ်တန်း အထူးတော်လှန်ရေးအစောင့်တပ်ဖွဲ့ထဲမှ ကွတ်စ် တပ်ဖွဲ့အကြီးအကဲ ဖြစ်သည်။
အီရန် အထူးတပ်ဖွဲ့များသည် မစ္စတာ ထရမ့် ထင်မထားလောက်သည့် အနီးဝန်းကျင်ထိ ထိုးဝင် ရောက်ရှိထားပြီဖြစ်ကြောင်း၊ ထရမ့်က အီရန်ကို စစ်ပြုလျှင် အီရန် အထူးတပ်ဖွဲ့များက ထရမ့် ပိုင်ဆိုင်သမျှကို ဦးဆုံးဖျက်ဆီးပစ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ် ဆိုလ်မာနီက ခြိမ်းခြောက်ပြောကြားခြင်းဖြစ်သည်။ သမ္မတဟောင်း ဘားရတ် အိုဘားမားလက်ထက်က အီရန်နှင့် နိုင်ငံတကာ ချုပ်ဆိုခဲ့သော နျူကလီးယားသဘောတူစာချုပ်မှ အမေရိကန်နုတ်ထွက်ကြောင်း ယခုနှစ် မေလတွင် သမ္မတထရမ့်က ကြေညာခဲ့သည်။
သဘောတူစာချုပ်သည် အနှစ်သာရကိုက မှားယွင်းနေသည်ဟု ဥရောပမဟာမိတ်များနှင့် ဆန့်ကျင်စွာ သမ္မတ ထရမ့်က ပြောဆိုခဲ့သည်။ အီရန်က တုံ့ပြန်သောအားဖြင့် ယူရေနီယံ သန့်စင်လုပ်ငန်းများကို အရှိန်ပြန်မြှင့်မည်ဟု ခြိမ်းခြောက်ထားသည်။ ယူရေနီယံ သန့်စင်လုပ်ငန်းသည် နျူကလီးယားစွမ်းအင်သာမက လက်နက်များပါ ထုတ်လုပ်နိုင်မည့် အခြေခံဖြစ်သည်။

















