ဇူလိုင် ၂၅ ရက်တွင်ကျင်းပခဲ့ပြီး နိုင်ငံတကာခရစ်ကတ်အားကစား သမားဟောင်းဘဝမှ နိုင်ငံရေးသမားဖြစ်လာသည့် အီမရန်ခန်း အနိုင် ရရှိကြောင်းကြေညာခဲ့သည့် အထွေထွေရွေးကောက်ပွဲရလဒ်များကို ပါကစ္စတန်နိုင်ငံရေးပါတီအုပ်စုတစ်ခုက ငြင်းပယ်လိုက်ပြီဖြစ်သည်။
မဲလိမ်လည်
ခန်း၏ ပီတီအိုင်ပါတီအနိုင်ရရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ရန် ပြင်ဆင်နေပြီဖြစ်သော်လည်း ပြိုင်ဘက်ပါတီများကမူ မဲလိမ်လည်မှုများရှိခဲ့ကြောင်း ပြောဆိုခဲ့ကြသည်။ ရွေးကောက်ပွဲသစ်များ ကျင်းပပေးရန် ဆန္ဒထုတ်ဖော်တောင်းဆိုမည်ဖြစ်ကြောင်း ပါတီတစ်ခု၏ခေါင်းဆောင်တစ်ဦးက အစ္စလာမ္မာဘတ်၌ ဆွေးနွေးမှုများပြုလုပ်ပြီး နောက် ပြောဆိုခဲ့သည်။
ရွေးကောက်ပွဲရလဒ်များကို လက်မခံသည့်ပါတီများတွင် ယခင် အာဏာရပါတီ ပီအမ်အယ်လ်-အင်န်လည်း ပါဝင်သည်။ ပါတီခေါင်း ဆောင်ဖြစ်သလို ဝန်ကြီးချုပ်ဟောင်း နာဝပ်ဇ်ရှာရစ်ဖ်၏ညီလည်းဖြစ် သည့် ရှာဘက်ဇ်ရှာရစ်ဖ်ကလည်း လွှတ်တော်ကို သပိတ်မှောက်သင့် မသင့်ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဆန္ဒပြ
ရွေးကောက်ပွဲသစ်ကျင်းပပေးရန် ဆန္ဒပြတောင်းဆိုမည်ဖြစ်ကြောင်း ပြိုင်ဘက်ပါတီများ၏ ပြောခွင့်ရှိသူဖြစ်သလို အမ်အမ်အေပါတီခေါင်း ဆောင်လည်းဖြစ်သည့် မောက်လာနာဖာဇာလူရာမန်က ပြောဆိုခဲ့သည်။
ခန်း၏ ပါကစ္စတန်တာရီယက်-အီ-အင်ဆက်(ပီတီအိုင်)ပါတီနှင့် ရှာရစ်ဖ်၏ ပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ်-နာဝက်ဇ်(ပီအမ်အယ်လ်-အင်န်)တို့ကြား အပြင်းအထန်ယှဉ်ပြိုင်ခဲ့ရသည့် ရွေးကောက်ပွဲဖြစ်သည်။ မဲအများစုကို ရေတွက်ပြီးနောက်တွင် ခန်း၏ပါတီသည် အမတ်နေရာ ၂၇၂ နေရာရှိသည့် အမျိုးသားလွှတ်တော်ရှိ အမတ်နေရာ ၁၁၅ ခုရရှိ မှုဖြင့် ဦးဆောင်နေကာ ပီအမ်အယ်လ်-အင်န်သည် အမတ်နေရာ ၆၄ နေရာသာရရှိထားသည်။
ညွန့်ပေါင်းအစိုးရ
လွှတ်တော်တွင်းအမတ်နေရာအများစုဖြင့် ထိန်းချုပ်နိုင်ရန် အမတ် နေရာ ၁၃၇ နေရာကိုလိုအပ်နေပြီး ခန်းသည်လည်း ဝန်ကြီးချုပ်ဖြစ် နိုင်ခြေများနေပြီဖြစ်သည်။ ညွန့်ပေါင်းအစိုးရဖွဲ့စည်းမည်ဖြစ်ကြောင်း ခန်းက ပြောဆိုခဲ့သည်။

















